Tuesday, February 11, 2014

ကျပ်သိန်းတစ်ထောင် သုံးစွဲရေး အစိုးရအဖွဲ့အစည်း များကို စောင့်ဆိုင်းစရာ မလိုအပ်ဟု သူရဦးရွှေမန်း ပြောကြား

လွှတ်တော် ကိုယ်စားလှယ်များကို ချပေးထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုရန်အတွက် နိုင်ငံတော်သမ္မတရုံး အပါအဝင် အခြား အစိုးရအဖွဲ့အစည်း များကို စောင့်ဆိုင်းရန် မလိုအပ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
"အစိုးရ အဖွဲ့အစည်းတွေကို စောင့်နေရင် ပြည်သူလူထုအတွက် ငွေထုတ်ယူ သုံးစွဲပေးဖို့ နောက်ကျနိုင်တယ်" ဟု ၄င်းကဆိုသည်။

ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်ကို လွှတ်တော်ကိုယ်စားလှယ်များ သုံးစွဲခြင်း မပြုသေးဘဲ အစိုးရက တာဝန်ခံ ဖွဲ့စည်းပေးထားသည့် မြို့နယ် အထောက်အကူပြု ကော်မတီများနှင့် ပူးပေါင်းလုပ်ကိုင်ရန် နိုင်ငံတော်သမ္မတရုံးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က တိုက်တွန်းထားကြောင်း၊ ယင်းအတွက် သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်း ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ဆိုသည်။ 

"ဒီနှစ်အတွက် ဘတ်ဂျက်ကလည်း ပိတ်တော့မယ်။ အချိန်မမီဖြစ်ကုန်မှာ စိုးလို့ခုလိုပြောလိုက်တယ်လို့ နားလည် ပါတယ်"ဟု ၄င်းက သုံးသပ်ပြောကြား သည်။

ယခုလပိုင်းအတွင်းတွင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကို ထုတ်ယူပြီး လမ်းတံတား၊ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ် အချို့ ဆောင်ရွက် နေပြီး ဖြစ်သဖြင့် အစိုးရက ဖွဲ့စည်းပေးထားသည့် မြို့နယ် အထောက်အကူပြု ကော်မတီစောင့်ဆိုင်း၍ လုပ်ကိုင်ရန် မဖြစ်နိုင်တော့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် များကို သုံးစွဲခွင့်ပြုထားသည့် ဒေသ ဖွံ့ဖြိုးရေးအသုံးစရိတ် ကျပ်သိန်းတစ်ထောင်ကို အလွဲသုံးစားမှု ပြုလုပ်ပါက နိုင်ငံတော် ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်မှု ဥပဒေဖြင့် အရေးယူနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ ဦးစောလှထွန်းက ပြောဆိုထားသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ငွေကျပ် သိန်းတစ်ထောင် အသုံးပြုနိုင်မည့် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေ ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေသည် အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု ဆိုကာ နိုင်ငံတော် သမ္မတက ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို့ ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက် ၁၁ ချက်လုံးကို ပြင်ဆင်ခြင်းမပြုဘဲ နိုင်ငံတော် သမ္မတရုံး သို့ ပြန်လည်ပေးပို့ခဲ့သည်။

The Voice Weekly

No comments:

Post a Comment