Thursday, February 13, 2014

သွားလာရေး ခက်ခဲသော ဒေသများတွင် ပညာရေး ၀န်ထမ်းများကို ဒေသခံများသာ ခန့်အပ်မည်

မြန်မာနိုင်ငံတွင် ပညာရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ သွား လာရေး ခက်ခဲသော ဒေသများတွင် ပညာရေး ၀န်ထမ်း ဆရာ၊ ဆရာမ လိုအပ်ချက်များ ကို ဒေသခံ ဆရာ၊ ဆရာမများဖြင့်သာ ဖြည့်တင်း ခန့်အပ်သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံး အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့ပေါ် ကျောင်းများတွင် ဆရာ၊ ဆရာမ ဦးရေမှာ လိုအပ်သည်ထက် ပို လျှံနေသော ကျောင်းများ ရှိနေသော်လည်း မြို့နှင့် ဝေးသော ကျေးရွာများတွင် ဆရာ၊ ဆရာမ လိုအပ်ချက် များ မပြည့်မီဘဲ မူလတန်း ကျောင်းများတွင် အလိုအပ်ဆုံး ဖြစ်သဖြင့် ယင်းလိုအပ်ချက် ပြည့်မိစေရေး အတွက် လို အပ်သည့် ဒေသမှ ကျောင်းဆရာ၊ ဆရာမများကို ခန့်အပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“နယ်တွေမှာက သွားရေးလာရေး ခက်ခဲသလို မိသားစုလိုက် ပြောင်းရွှေ့ နေထိုင်ဖို့ ဆိုတာက လည်း အခက် အခဲ ရှိတော့ ဆရာ၊ ဆရာမ တော်တော်များများက နယ်ကို မပြောင်းချင်ကြဘူး။ ကျွန်တော်တို့ကလည်း ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ဘယ်ဒေသကို ပြောင်းပါမယ်လို့ အဆိုပြု မလာမချင်း ပြောင်းပေးလို့ မရဘူး” ဟု အဆိုပါ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ဆရာ၊ ဆရာမများ အပြောင်းအရွှေ့ကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူများ ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်းက ဖေဖော်ဝါရီလ မန္တလေး မြို့တော်သို့ လာရောက်စဉ်က ပြောကြားထားသည်။

“မိသားစုနဲ့ ခွဲရမှာစိုးလို့ အများစုက နယ်ကို မပြောင်းချင်ကြတာပါ။ လမ်းပန်း ခရီးဆိုတာလည်း ဒီခေတ်မှာ သိပ်ပြီး ခက်ခဲတော့တာ မဟုတ်ပါဘူး။ ရာထူးတိုးပြီး ပြောင်းတယ် ဆိုရင်တော့ ဆရာ၊ ဆရာမတိုင်း သွားချင်ကြပါတယ်။ ဒါပေမဲ့ ခုခေတ်မှာ သွားလာရခက်တဲ့ နယ်တွေဆိုရင် ရှားပါးစရိတ် ထပ်ပေးတော့ တာဝန် ထမ်းဆောင်သူအတွက် ကောင်းတာပေါ့” ဟု မိုးကုတ် မြို့နယ်တွင် ခြောက်နှစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးတွင် အခြေခံပညာ ကျောင်းပေါင်း ၄၀၂၂ ကျောင်း၊ ဆရာ၊ ဆရာမ ၃၅,၀၀၀ ဦးကျော်၊ ကျောင်းသား ၉၄၀,၀၀၀ ကျော်ရှိကာ ဆရာ၊ ဆရာမ တစ်ဦးလျှင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ရှိရမည် ဖြစ်သော်လည်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မူလတန်း ကျောင်းများတွင် ဆရာ၊ ဆရာမ တစ်ဦးလျှင် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦး၊ အလယ်တန်း ကျောင်းများတွင် ဆရာ၊ ဆရာမ တစ်ဦးလျှင် ကျောင်းသား၊ ကျောင်းသူ ၂၉ ဦးနှင့် အထက်တန်း ကျောင်းများတွင် ဆရာ၊ ဆရာမ တစ်ဦးလျှင် ကျောင်းသား၊ ကျောင်းသူ ၂၉ ဦး အသီးသီး ရှိနေကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment