Friday, February 7, 2014

နိုင်ငံတကာ အဖွဲ့အစည်းများ ခုနစ်ရက်အတွင်း ထွက်ပေးရန် ဘူးသီးတောင်တွင် လူနှစ်ထောင်ကျော် ဆန္ဒပြ

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ခုနစ်ရက်အတွင်း ထွက်သွားပေးရန် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် မြို့ခံ ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း အဆိုပါမြို့နယ် ရခိုင်လူမှုကွန်ရက် ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းက ပြောကြားသည်။

အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းများသည် ဘင်္ဂါလီများကို အကူအညီပေးပြီး ရခိုင်တိုင်းရင်းသားများကို အကူအညီပေးခြင်း မရှိသည့်အပြင် ဇန်နဝါရီလ အတွင်းက ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ် ဒုချီးရား တန်းကျေးရွာတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုတွင်လည်း သတင်းမှားများကို ထုတ်ပြန်ခဲ့သည်ဟုဆိုကာ ဒေသခံများက ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

UN၊ INGO အဖွဲ့တွေ ခုနစ်ရက်အတွင်း ဘူးသီးတောင်မြို့နယ်မှ ထွက်ခွာ ပေးရေးအပြင် ယင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ကို ရုပ်သိမ်းပေးရန်၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး ဆောင်ရွက်ပေးရန်၊ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေအတိုင်း အမြန်ဆုံး လုပ်ဆောင်ရန်၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို လုပ်ပိုင်ခွင့်ပေးရန်၊ ဒုချီးရားတန်း ဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကိစ္စကို အမြန်ဆုံး အရေးယူပေးရန် အချက်များကို တောင်းဆိုခဲ့ကြကြောင်း မြို့ခံများထံမှ သိရှိရသည်။

အလားတူ ရွေးကောက်ပွဲတွင် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်သူများကို ဆန္ဒမဲ ပေးခွင့်များကို ပယ်ဖျက်ပေးရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အလားတူ ဆန္ဒပြပွဲများကို မောင်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး စသည့် မြို့နယ်အချို့တွင် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment