Monday, February 24, 2014

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတညွှန်ကြား

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံ နယ်စပ်တစ်လျှောက်သို့ တရားမ၀င် သစ်ခိုးထုတ်နေမှုများကို တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဌာနဆိုင်ရာများသို့ သမ္မတဦးသိန်းစိန်က ညွှန်ကြားထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြော ကြားသည်။


“တရုတ်ကုန်သည် အချို့က မြန်မာနိုင်ငံမှာ တရားဝင် port ကနေတင်တာ အမှာစာပို့တာတွေလည်း ရှိပါ တယ်။ နယ်စပ်ဘက်ကသွားတာ အထိုက်အလျောက် လျော့သွားပါတယ်။ သစ်တောဝန်ကြီးဌာန အပိုင်း ကလည်း လက်နက်မပါဘဲ တတ်နိုင်သမျှပေါ့ ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ အခုဆိုရင် သစ်တော ကာကွယ်ရေး ရဲတပ်ဖွဲ့ တပ်ရင်းတစ်ရင်း ပေးပါတယ်။ အဲဒီတပ်ရင်းနဲ့လည်း လုပ်နေပါတယ်။ ဒီအပြင် ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး တရုတ်ပြည် နယ်စပ်တစ်လျှောက်မှာ တရားမ၀င် တင်ပို့နေတာတွေကို ဒီထက်မက ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ သမ္မတကြီးက ညွှန်ကြားထားတာ ရှိပါတယ်။ အဲဒါလည်း ဆက်လုပ်ဖို့ ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ သစ်များကို တရုတ်နိုင်ငံဘက်သို့ တန်ချိန်သောင်းနှင့်ချီကာ တရားမ၀င် သစ်ခိုးထုတ်မှုများကို တရုတ်အစိုးရအနေဖြင့် တားဆီးပေးပါရန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ပထမပတ်အတွင်း တရုတ်နိုင်ငံတွင် ကျင်းပသည့် (၁၃)ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲအတွင်း ကျင်းပခဲ့သည့် ဆွေးနွေးပွဲများ၌ မြန်မာအစိုးရ တာဝန်ရှိသူများက တရားဝင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တရားမ၀င် သစ်ခိုးထုတ်မှုများမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားလျက်ရှိပြီး ယွမ်ငွေအတုများနှင့် ငွေပေးချေမှုများမှာ ရှမ်းပြည်နယ် နမ့်ခမ်းနယ်စပ်များတွင် ဖြစ်ပွားလျက်ရှိကြောင်း ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဦးက အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။

အလားတူ ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် မိုင် ၅၀ ကျော်ဝေးသော နန်းဟိုင်သစ်ကွင်းအတွင်း တန်ထောင်ချီပြီး တရုတ်နိုင်ငံပေါက်ဈေး ကျပ်သိန်းပေါင်း နှစ်သိန်းဝန်းကျင်ရှိ အဖိုးတန် မှောင်ခိုသစ်များ အမြန်သယ်ယူရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ယင်းဒေသတွင် တရုတ်နိုင်ငံသို့ မှောင်ခိုသစ်များ အများအပြား တင်သွင်းခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment