Tuesday, February 18, 2014

ကျူးကျော်များကို အကြမ်းဖက်ဖယ်ရှား နေမှုများအား နိုင်ငံတော်အဆင့်ဖြင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးရန် FDA တောင်းဆို

အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ရာမဲ့ အခြေခံလူတန်းစား ပြည်သူများကို ကျူးကျော်သူများအဖြစ် လူအုပ်စုအင်အားဖြင့် အကြမ်းဖက်ဖြေရှင်း နေခြင်းများကို နိုင်ငံတော်အဆင့်မှ ပြန်လည်နေရာချထားရေး အစီအစဉ်များ အပါအဝင် အမြန်ဆုံးထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးရန် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့(FDA)က တောင်းဆိုခဲ့သည်။


ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့၏ တတိယအကြိမ် စုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ရုံးချုပ်၌ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ၌ ယင်းကဲ့သို့ ထည့်သွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်လည်း မြန်မာနိုင်ငံသားများသည် မည်သည့်နေရာမဆို အခြေချနေထိုင်ခွင့် ရှိသည်ဆိုချင်ပါကြောင်း၊ အစိုးရမြေပေါ်မှာ ဖြစ်ဖြစ်၊ ပုဂ္ဂလိကမြေပေါ်မှာဖြစ်ဖြစ်၊ သစ်တောမြေမှာပဲဖြစ်ဖြစ် တရားဥပဒေအရ ဖြေရှင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် တာဝန်ရှိသည် ဆိုသော်လည်း မိမိတို့ ပြည်သူများကို လမ်းမပေါ်ကို ဆွဲတင်ခြင်း၊ ဘူဒိုဇာဖြင့် အိမ်များကို ဖျက်ဆီးကာ ခိုလှုံစရာမဲ့ပြီး ရပ်တည်ရာမဲ့လောက်အောင် ဖြစ်လာခြင်းမှာမူ အစိုးရနှင့် လွှတ်တော်များတွင် တာဝန်ရှိသည်ဟု မြင်ကြောင်း FDAအဖွဲ့ဝင် NLD ပါတီမှ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဖယ်ချင်ရင်ဖယ်ပါ။ ဒါပေမဲ့ ဖယ်တဲ့ ပုဂ္ဂိုလ်တွေကို အစီအစဉ်ရှိရှိနဲ့ သူတို့ရဲ့ဘဝတွေငြိမ်းချမ်းအောင် မဟုတ်တောင် နိစ္စဓူဝ စားဝတ်နေရေး တာဝန်ယူရေးကို လျစ်လျူရှုပြီးတော့ အာဏာပိုင် အဖွဲ့အစည်း ကတော့ ရှင်းမှာပဲ။ ကျူးကျော်ရင်တော့ ဖယ်မှာပဲဆိုရင်တော့ ပြည်သူတွေကို မထီမဲ့မြင်ပြုမှာပဲဆိုတဲ့ အုပ်ချုပ်ခံပြည်သူဆိုတဲ့ အမြင်မျိုးတွေ ဒီမိုကရေစီခေတ်မှာ မရှိတော့ဘူးဗျ။ ဒီမိုကရေစီမှာက အုပ်ချုပ် မှုပြည်သူ ဗျ။ အဲဒီ လို လွဲမှားတဲ့ အမြင်တွေနဲ့ ထင်တိုင်းကြဲမယ် ဆိုရင် ဒီမိုကရေစီခေတ်ကို ဘယ်လိုမှ ရောက်မှာမဟုတ်ဘူး” ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။ NLD ပါတီအနေဖြင့် ကျူးကျော်များကို နှင်ထုတ်ခြင်းတွင် မည်ကဲ့သို့ နှင်ရမည်၊ မည်ကဲ့သို့ နေရာချထားပေးရမည် ဆိုခြင်းများအပေါ် ဥပဒေပြဋ္ဌာန်း မှု တစ်ခုခုဖြစ်ပေါ်လာရန် တိုက်တွန်းခြင်းမျိုးကိုလည်း လွှတ်တော်တွင် ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

နိုင်ငံအဝန်း လယ်ယာမြေ သိမ်းဆည်းခံရသောလယ်ယာမဲ့ တောင်သူလယ်သမားများ၏ နစ်နာမှုများကို ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံထားရသူများကိစ္စ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန်၊ မြန်မာ့တပ်မတော်တပ်ဖွဲ့ အချို့နှင့် ကေအိုင်အေတပ်ဖွဲ့ အချို့တို့အကြား ပစ်ခတ်တိုက်ခိုက်နေမှုများကို အဆောတလျင် ဖြေရှင်းဆောင်ရွက်ပေးရန် စသည့်အချက်များလည်း FDA တောင်းဆိုမှုတွင် ပါရှိသည်။

FDAအဖွဲ့တွင် ပါဝင်သော ပါတီများမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီ ပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ချင်း တိုးတက်ရေးပါ တီ၊ ကရင်ဒီမိုကရက်တစ်ပါတီနှင့် မြန်မာ့လူ့ဘောင်သစ်ဒီ မိုကရက်တစ်ပါတီတို့ ဖြစ် ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment