Saturday, February 15, 2014

တပ်မတော် နဲ့ KIA ဘာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေသလဲ

 

ဒီအကြောင်းဟာ မိမိနဲ့ သိပ်ပြီး မသက်ဆိုင်ပေမယ့် လူတော်တော်များ မသိကြပဲ ပြည်တွင်းမီဒီယာတွေ က သတင်းအမှောင်ချထားတာမို့ မနေနိုင်လို့ ရေးမိပါတယ်။အခုတလော တပ်မတော် နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်နေတာလဲ ဆိုတာ ကျွန်တော် ရှင်းပြပါမယ်။အဓိကက ဘာကြောင့် တိုက်ပွဲ ဖြစ်တယ်ဆိုတာ ကို ဘယ်ပြည်တွင်းသတင်းမီဒီယာမှ မဖော်ပြလို့ ကျွန်တော်ကပဲ အမုန်းခံပြီးရေးလိုက်တာပါ။

တပ်မတော် အနေနဲ့ တရုတ်ပွဲစားတွေ သစ်လာခိုးခုတ်နေတယ်ဆိုတဲ့ သစ်မှောင်ခို လမ်းကြောင်းတွေကို လိုက်လံ ပိတ်ဆို့ရှင်းလင်းဆောင်ရွက်နေပါတယ်။တပ်မတော်ရဲ့ အင်အားနဲ့ သစ်မှောင်ခို လမ်းကြောင်းတွေမှာ အတင်းနဲ့ လိုက်ပိတ်ဆို့ ဖမ်းဆီးလို့ တရုတ်ပွဲစားတွေ မှောင်ခို လာခုတ်တဲ့ သစ် တန်ချိန် ၁၅၀၀ ကျော်ကို ဖမ်းဆီးရ မိတယ်။အဲ့ဒီမှာ တရုတ်ပွဲစားတွေက ဘာလုပ်လဲဆိုတော့..ကေအိုင်အေ အနေနဲ့ တပ်မတော်က ဖမ်းဆီးကာကွယ်လိုက်တဲ့ သစ်တွေကို ပြန်လုပေးဖို့ ၊ တပ်မတော်နဲ့ တိုက်ပွဲ ဖြစ်ရင် တိုက်ပွဲအတွင်း လိုအပ်တဲ့ စစ်အသုံးစရိတ်အားလုံးကို တရုတ်သစ်မှောင်ခိုသမားတွေ က ကျခံမယ်ဆိုပြီး ကေအိုင်အေ ဗဟိုဌာနချုပ်မှာ တွေ့ဆုံသဘောတူ ညီမှု ယူပါတယ်။ အဲ့ဒီမှာ ကေအိုင်အေ ဗဟို ဌာနချုပ်က ဂျာအင်ယန်း ကျေးရွာ မှာ သိမ်းခံခဲ့ရတဲ့ သစ်တွေ အပါအ၀င် နောက်ထပ် သစ်မှောင်ခိုများ တရုတ်ပြည် ချောမွေ့စွာ ရောက်ရှိစေရေးအတွက် ကေအိုင်အေ ရင်း (၂၄) က ဂွမ်ဆောင် ဦးစီးတဲ့ အင်အား ၁၇၀ ကျော်ကို တာဝန်ပေးခဲ့တယ်။ ဂွမ်ဆောင်ဆိုတာ ရင်း (၂၄) ရဲ့ တပ်ရင်းမှူး အဆင့်ရှိသူပါ။အဲ့လို ကေအိုင်အေ တပ်တွေက လိုင်ဇာ ဌာနချုပ် ရဲ့ အမိန့်အတိုင်း တရုတ်က သစ်မှောင်ခို လာထုတ်တဲ့ ပွဲစားတွေကို cover လုပ်ပေးပါတယ်။ ဘာကြောင့်လုပ်ပေးသလဲဆိုတော့ တရုပ်ပွဲစားတွေ သူတို့ကို လိုအပ်တဲ့ လက်နက်နဲ့ ရိက္ခာတွေကို ထောက်ပံ့နေတာကြောင့်လည်း ပါပါတယ်။

ဒီအကြောင်းတွေကို ပြည်တွင်းမီဒီယာတွေ က လုံးဝ မဖော်ထုတ်သလို မသိချင်ယောင်ဆောင်နေပါတယ်။
အစိုးရ ဆန့်ကျင်ရပြီးရော ကေအိုင်အေ ပြောသမျှကို အဟုတ်မှတ်ပြီး ရေးနေကြတော့ ကေအိုင်အေ
လော်ဘီ ဖြစ်မှန်းမသိဖြစ်နေကြပါတယ်။တချို့ ဂျာနယ်တွေဆိုရင် ကေအိုင်အေ သတင်းတစ်ပုဒ် ဘယ်လောက် ပေးတယ်ဆိုတာတွေ ပါ ကြားနေရပါတယ်။

ဒီသစ်ခိုးထုတ်နေတဲ့ သူတွေကို ဖမ်းလို့ဆိုတဲ့သဘောမဟုတ်ပဲ ကေအိုင်အေ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့သတင်းကို တော့ အလဲဗင်းလ် ဂျာနယ်မှာ ရေးထားတာတွေ့လိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတာနဲ့ ရေးထားတာ က ပြောင်းပြန်ဖြစ်နေပါတယ်။ကျွန်တော် တို့ နယ်ခံတွေက အသိဆုံးပါ။ ကေအိုင်အေ က ရွာတွေကို ဘယ်လို ဆက်ကြေးကောက်တယ်။ လူအသစ်ကို ဘယ်လို အတင်းအဓမ္မ စု နေတယ်ဆိုတာ ဘယ်မီဒီယာမှာမှ မဖော်ပြဘူး။ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်းမီဒီယာတွေက ကိုယ်တိုင်သတင်းလိုက်တာ မဟုတ်ပါဘူး။ကေအိုင်အေ လိုင်ဇာဌာနချုပ်ကို ဖုန်းဆက်ပီး သတင်းရေးကြတာပါ။ လိုင်ဇာဌာနချုပ်က အားလုံးကောင်းလို့ ပြောရင် သူတို့ကလည်း အားလုံးကောင်းပါပဲ။အဓိကကတော့ ကေအိုင်အေ အသုံးချ ခံနေရတာပါ။

အလဲဗင်း မီဒီယာမှာ တွေ့တဲ့သတင်းထဲမှာ ကေအိုင်အေရဲ့ ပြောရေး ဆိုခွင့် ရှိသူဖြစ်တဲ့ ဦးဒေါင်းခါးက
သူတို့ က ကိုယ်တိုင်သစ်ထုတ်လုပ်ခြင်း မရှိဘူးလို့ပြောထားတာ မြင်တော့ ဗြောင်လိမ် တာကို ရေးပေးတဲ့အလဲဗင်း ကို သနားရမလား ၊ ကေအိုင်အေ မီဒီယာ လို့ပဲ ပြောရမလား မသိတော့ဘူး။ အောက်ကပုံကို ကြည့်ပါ။ အဲ့တာ လိုင်ဇာဌာနချုပ်ကနေ တရုတ်ပြည်ကို သွားနေတဲ့ သစ်ကားတန်းကြီးပါ။ အဲ့တာ လား သူတို့ သစ် ကိုယ်တိုင်မလုပ်ဘူးဆိုတာ ။ ဟုတ်မှာပါ လက်အောက်ငယ်သားတွေနဲ့ လုပ်ခိုင်းတာဖြစ်မယ်။

လိုင်ဇာ မှ တရုတ်ပြည်သို့ ကားစီး၍သွားသော သစ်ပင်များ

တပ်မတော် ဖမ်းဆီးရမိသော သစ်များ

ကဲ ဒီလောက်ဆို တပ်မတော် နဲ့ ကေအိုင်အေ ဘာကြောင့် တိုက်ပွဲ တွေ ဖြစ်နေသလဲ ဆိုတာ နားလည်လောက်မယ်ထင်ပါတယ်။အဓိက ပြောရရင် တပ်မတော်က တော့ တိုင်းပြည်အကျိုးစီးပွား ကို ခိုးထုတ်နေတဲ့သူတွေကို တားဆီးနေတယ်။ကေအိုင်အေ က သူ့အကျိုးစီးပွားကိုလုပ်နေတယ်။ အဲ့တော့ တိုင်းပြည် အကျိုးစီးပွားကို မငဲ့ပဲ သစ်ခိုးထုတ်နေတဲ့ ကိုယ်ကျိုးစီးပွားရေးသမားတွေ ကို တပ်မတော်က မတိုက်ပဲ ငုတ်တုတ်ထိုင်ကြည့်နေရမလား ဆိုတာ စာဖတ်သူပဲ ဖြေကြည့်လိုက်ကြပါ။

Credit to:စိုင်းခမ်းနော် (ကချင်)

No comments:

Post a Comment