Saturday, February 15, 2014

သမ္မတ ဦးသိန်းစိန်နှင့် ဆက်ဆံရေးပြေလည်ပြီး ရာထူးမှအနားယူမည်ဟု ပြောကြားထားသော ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် RCSS/SSA ဥက္ကဋ္ဌရာထူးအတွက် ထပ်မံရွေးချယ်ခံရ

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနက် သမ္မတဦးသိန်းစိန်နှင့် ဆက်ဆံရေးပြေလည်ပြီး ရာထူးမှ အနားယူမည်ဟု ပြောကြားထားသော ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌရာထူးသက်တမ်းသစ်အတွက် ထပ်မံရွေးချယ်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။

RCSS/SSA ၏ ဥက္ကဋ္ဌရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်က လွယ်တိုင်းလျဲန်းဌာနချုပ်၌ ပြုလုပ်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဥက္ကဋ္ဌသက်တမ်းသစ်အတွက် ထပ်မံရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရှမ်းသံတော်ဆင့် သတင်းဝက်ဘ်ဆိုက် စာမျက်နှာ၌ သတင်းဖော်ပြခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်သည် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက ပြုလုပ်ခဲ့သည့် RCSS/SSA နှစ် ပတ်လည်အစည်းအဝေးတွင် ဥက္ကဋ္ဌ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် ၎င်း၏အမည်အား စာရင်းမသွင်းရန် ပြောကြားခဲ့သည်။ ထို့ကြောင့် ဥက္ကဋ္ဌရာထူးကို ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် စ၀်စိုင်းရီ၊ စ၀်ခေးငင်း၊ စ၀်ပေါင်ခေး၊ စ၀်သီရိနှင့် စ၀်ဂွဏ်းဇင့်တို့ ငါးဦးကို လျာထားခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဥက္ကဋ္ဌလောင်းအဖြစ် လျာထားခံခဲ့ရသူ ငါးဦးက သဘောမတူသဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြန်အရွေးခံခဲ့ရခြင်း ဖြစ်သည်။

RCSS/SSA ဥက္ကဋ္ဌရွေးကောက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး သိရှိနိုင်ရန်အတွက် ဗိုလ်မှူးကြီးစိုင်းလှ၊ ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်း၊ အကြံပေး ဦးခွန်ဆိုင်းတို့၏ ပြည်တွင်း/ပြည်ပ လက်ကိုင်ဖုန်းများကို ဖေဖော်ဝါရီ ၁၄ ရက်က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်နှင့် ပတ်သက်ပြီး RCSS/SSA သည် အစိုးရ၏ သဘောထားအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့် အဖွဲ့ဖြစ်ပြီး လိုင်ဇာ ဘုံသဘောတူ ညီချက်များနှင့် လော်ခီးလာညီလာခံ ဆုံးဖြတ်ချက်များကို လက်မှတ်ရေးထိုးခြင်းမပြုသည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဦးသိန်းစိန်ဆီကို RCSS/SSA ကနေပြီးတော့ မဲခေါင်မြစ်ကမ်းမှာ ဧက ၅၀၀၀ မြေနေရာတောင်းထားတာ ရှိတယ်။ ဦးသိန်းစိန်ကလည်း ပေးတယ်။ ပေးပြီးတော့ တြိဂံတိုင်းမှူးကိုပေးကြောင်း လက်မှတ်ထိုးဖို့ပြောတဲ့ အခါကျတော့ အခုအချိန်အထိ တြိဂံတိုင်းမှူးက လက်မှတ်ထိုးမပေးဘူး။ မပေးရခြင်းအကြောင်းပြချက် ကတော့ တောင်းထားတဲ့ ဒီနယ်မြေတွေဟာ မူးယစ်ဆေးဝါးကုန်ကူးတဲ့ ပုဂ္ဂိုလ်တွေနေတဲ့နေရာ ဖြစ်တယ်

သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့သည် ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက နေပြည်တော်ရှိ လယ်တောအိမ်၌ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံပြီးနောက်ပိုင်းတွင် အစိုးရနှင့် RCSS/SSA တို့၏ ဆက်ဆံရေးမှာ နီးကပ်သောအနေအထားတွင် ရှိနေခဲ့သည်။

RCSS/SSA အဖွဲ့အနေဖြင့် မဲခေါင်မြစ်ကမ်းတွင် မြေဧက ၅၀၀၀ ပေးရန် သမ္မတ ဦးသိန်းစိန်ထံ တောင်းခံ ခဲ့ရာ သမ္မတက ခွင့်ပြုသော်လည်း တပ်မတော်ဘက်က လက်မှတ်မထိုးပေးခဲ့ကြောင်း ဧရာဝတီ သတင်း ဌာနနှင့် တွေ့ဆုံခန်း၌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

"ဦးသိန်းစိန်ဆီကို RCSS/SSA ကနေပြီးတော့ မဲခေါင်မြစ်ကမ်းမှာ ဧက ၅၀၀၀ မြေနေရာတောင်းထားတာ ရှိတယ်။ ဦးသိန်းစိန်ကလည်း ပေးတယ်။ ပေးပြီးတော့ တြိဂံတိုင်းမှူးကိုပေးကြောင်း လက်မှတ်ထိုးဖို့ပြောတဲ့ အခါကျတော့ အခုအချိန်အထိ တြိဂံတိုင်းမှူးက လက်မှတ်ထိုးမပေးဘူး။ မပေးရခြင်းအကြောင်းပြချက် ကတော့ တောင်းထားတဲ့ ဒီနယ်မြေတွေဟာ မူးယစ်ဆေးဝါးကုန်ကူးတဲ့ ပုဂ္ဂိုလ်တွေနေတဲ့နေရာ ဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း အဲဒီ့နယ်မြေမှာ လှုပ်ရှားနေတုန်းပဲရှိတယ်။ အဲဒါကိုပဲ အကြောင်းပြချက် လုပ်ပြီးတော့ မပေးဘဲနေတယ်။ ဒါဟာအဓိပ္ပာယ်မရှိဘူး။ အကယ်၍ အဲဒီနေရာဟာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ လူတွေ ရှိနေတယ်ဆိုလို့ရှိရင် အဲဒီလူတွေအတွက် လမ်းပိတ်လိုက်တဲ့ သဘောတောင်ဖြစ်ပြီး သွားလာရတာတောင် ခက်ခဲဦးမယ်"ဟု ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖော်ပြခဲ့သည့် ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံခြင်း အင်တာဗျူး၌ ပြောကြားခဲ့သည်။

ထို့အပြင် ရှမ်းတောင်တန်းဆိုသည့် ကုမ္ပဏီတစ်ခုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ အကူအညီဖြင့် တည်ထောင်ထားသော်လည်း တပ်မတော်က ခွင့်မပြုသေးသည့်အတွက် လုပ်ငန်း မလည်ပတ်နိုင်သေးကြောင်း ၎င်းက  ထပ်မံပြောကြားခဲ့သည်။

" ရှမ်းတောင်တန်းဆိုတဲ့ ကုမ္ပဏီတစ်ခုတည်ထောင်ပြီးပြီ၊ အဲဒါက၀န်ကြီး ဦးအောင်မင်း အကူအညီကြောင့် ဖြစ်လာတဲ့ကုမ္ပဏီပေါ့။ ဒါပေမဲ့ လက်တွေ့ပိုင်းကျတော့ အကောင်အထည်ဖော်လို့ မရဘူးဖြစ်နေတယ်။ ဥပမာပြရမယ်ဆိုလို့ရှိရင် မိုင်းကန်မှာ သတ္တုတွင်းတူးဖို့ ခွင့်တောင်းတဲ့အခါ ကျတော့လည်း အခုအချိန်အထိ စစ်တပ်က ခွင့်မပေးသေးဘူး။ နေပြည်တော်က ခွင့်ပေးပြီး သတ္တုတွင်းဝန်ကြီးဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေလည်းပဲ အဲဒီနေရာကို လာပြီးကြည့်ဖို့၊ သတ်မှတ်ပေးဖို့ အဲဒီနယ်ကို ၀င်ဖို့ရန်အတွက် စစ်တပ်ကခွင့်မပေးဘူး။ အခုအချိန်အထိ ဘာမှအကောင်အထည်ဖော်လို့ မရသေးဘူး။ ကုမ္ပဏီကတော့ သတ္တုတွင်းတူးတာရယ်၊ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကုန်ကူးတာတို့ တခြားအမျိုးမျိုးပေါ့။ ဖြစ်နိုင်တဲ့ဟာကို လုပ်မယ်ပေါ့။ ဒါပေမယ့် အခုအခြေအနေကတော့ ဘာမှလုပ်လို့မရသေးဘူး။ စစ်တပ်ကတော့ ဘာအကြောင်းပြချက်မှတော့ မရှိဘူး။ သူတို့ဆိုလိုတာကတော့ လက်နက်မချရင် ပေးမလုပ်ဘူး"ဟု ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဧရာဝတီသို့ ပြောကြားသည်။

RCSS/SSA သည် ဘိန်းဘုရင်ခွန်ဆာ ဦးဆောင်သည့် မောင်ထိုင်းတပ်မတော် (Mong Tai Army) မှ ခွဲထွက်လာသော သျှမ်းပြည် ညီညွတ်သော တော်လှန်ရေးတပ်မတော် (SURA) ၏ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဖွဲ့စည်းခဲ့သော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment