Saturday, February 15, 2014

ဖြူးမြို့နယ်၌ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး ဦးခေါင်းဖြတ်ကာ ခန္ဓာကိုယ်အား ပီနံအိတ်ဖြင့်ထုပ်၍ ချောင်းဘေး၌ လွှင့်ပစ်ထားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။

ယင်းသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းနေစဉ် တောကျွဲအင်းမြို့နေ စန်းစန်းဆိုသူက ၎င်း၏ ညီမဖြစ်သူ သန်းထွေးမှာ လွန်ခဲ့သောတစ်နှစ်ခွဲခန့်မှစ၍ ပျောက်နေသဖြင့် လာရောက် တိုင်ကြားသောကြောင့် လက်ဗွေချင်းတိုင်ဆိုင်စစ်ဆေးရာမှ သေဆုံးသူမှာ သန်းထွေး(၄၁)နှစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သေဆုံးသူမှာ တောကျွဲအင်းမြို့ဇာတိဖြစ်ကာ အိမ်ထောင်ကျပြီးနောက် ပြောင်းရွှေ့ သွားကြောင်း၊ ၂၀၁၂ ခုနှစ် မေလခန့်တွင် တောကျွဲအင်းမြို့သို့ အပြီးပြောင်းလာပြီး အစ်ကိုဖြစ်သူ ခိုင်ဝင်းဆိုသူ၏နေအိမ်တွင် နေထိုင်ကြောင်း၊ ထို့နောက် ယင်းမြို့နေ ဦးတင်စိုးနှင့် ဒေါ်မိမိလေးတို့အိမ်တွင် ဆက်လက်နေထိုင်ခဲ့ကြောင်း၊ ဘားအံမြို့မှ ပြောင်းလာစဉ်က ငွေကျပ်သိန်း ၃၀ ခန့်နှင့် ရွှေထည်ပစ္စည်းအချို့ ပါလာခဲ့ကာ အတိုးရရှိရန် ဦးတင်စိုးတို့လင်မယားအား ချေးခဲ့ကြောင်း၊ ဦးတင်စိုးတို့၏ နေအိမ်တွင် နေထိုင်ရာမှ သူမနှင့် ငြိစွန်းခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ဖေဖော်ဝါရီ ၁၀ ရက်ည ၉ နာရီအချိန်တွင် ဦးတင်စိုး၏နေအိမ်အား စစ်ဆေးခဲ့ရာ အခင်းဖြစ်စဉ်က သိမ်းဆည်းထားသည့် သက်သေခံပစ္စည်းများနှင့် တူညီသည့်ဇာဖြင့် ပြုလုပ်ထားသည့် ကြိုးသုံးပိုင်း၊ အလောင်းထည့်သောအိတ်နှင့် အမျိုးအစားတူ ပီနံအိတ်တစ်လုံးတို့အား သိမ်းဆည်းရမိပြီး ဦးတင်စိုးအား ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဦးတင်စိုး၏ ထွက်ဆိုချက်များအရ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်းဇနီးမှာ သူ၏ဖခင် နှစ်ပတ်လည်ဆွမ်းကျွေးဖြင့် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြောင်း၊ နောက်နှစ်ရက်အကြာတွင် သန်းထွေးမှာ စက်ဘီးဖြင့် ရောက်ရှိလာပြီး အတူအိပ်ခဲ့ကြောင်း၊ နောက်နေ့၌ သန်းထွေးမှ နှစ်လုံးထီရှုံးထား၍ ငွေသုံးသိန်းတောင်းခံရာမှ စကားများရန်ဖြစ်ခဲ့ပြီး အနီးရှိဓားဦးချွန်ဖြင့် လည်ပင်းအားခုတ်ခဲ့ရာ ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနောက် လည်ပင်းအား ဆက်၍လှီးဖြတ်ခဲ့ပြီး သန်းထွေး၏ခန္ဓာကိုယ်၌ ၀တ်ဆင်ထားသော ရွှေထည်ပစ္စည်းများအား ဖြုတ်ယူထားခဲ့ကြောင်း သိရသည်။ ထို့နောက် သန်းထွေး၏အလောင်းမှ ထဘီနှင့်အင်္ကျီအား ချွတ်၍နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ ပီနံအိတ်အတွင်း ထည့်ခဲ့ကြောင်း၊ ဦးခေါင်းကိုမူ အင်္ကျီထဘီတစ်စုံ၊ ခေါင်းအုံးစွပ်၊ ခြေသုတ်ခုံတို့နှင့်ရောကာ ကြွပ်ြွကပ်အိတ်ဖြင့် ထည့်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ်ဖြင့် ရန်ကုန်-မန္တလေးလမ်းအတိုင်း ဖြူးဘက်သို့ မောင်းနှင်ခဲ့ပြီး မိုင်တိုင်အမှတ်(၁၃၈/၁) အနီးတွင် ဦးခေါင်းထည့်ထားသည့်အိတ်အား လွှင့်ပစ်ခဲ့ကြောင်း၊ မိုင်တိုင်အမှတ်(၁၃၉/၁)အရောက်တွင် ကိုယ်လုံးထည့်ထားသောအထုပ်အား ချောင်းဘေးသို့ လွှင့်ပစ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

"လူအများစိတ်ဝင်စားနေတဲ့ ဖြူးမြို့နယ်က ခေါင်းဖြတ်အသတ်ခံရတဲ့ဖြစ်စဉ်ကို ကျွန်တော်တို့ ရဲတပ်ဖွဲ့ကနေပြီးတော့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါပြီ။ ဒီဖြစ်စဉ်မှာ ကျူးလွန်တဲ့သူကို မှုခင်းရဲတပ်ဖွဲ့ကနေ တစ်နှစ်နီးပါးလောက် စောင့်ကြည့်ပြီးမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျူးလွန်သူကို ဒီနှစ်ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်။ ၁၂ ရက်နေ့မှာ ကျူးလွန်သူက ၀န်ခံခဲ့တယ်။ ဒီဖြစ်စဉ်မှာ ကျူးလွန်သူ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေကိုလည်း သိမ်းဆည်းပြီးပါပြီ။ ဒီအမှုကို အမြန်ဆုံး တည်ဆောက်ပြီးတော့ တရားရုံးကို စွဲဆိုတင်ပို့သွားမှာပါ" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment