Tuesday, March 11, 2014

ကချင်ဒီမိုကရက်တစ် ပါတီကိုသာ မဲပေးရန် တိုက်တွန်းမည်ဟု ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ပြောကြား

ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသား နိုင်ငံရေးပါတီများ စုပေါင်းကာ ၂၀၁၅ ခုနှစ် မတိုင်မီ ဘုံပါတီတစ်ရပ် ထူထောင်ရေး အစီအစဉ် အကောင်အထည် မဖော်နိုင်သဖြင့် ကချင်လူထုများ အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် ကချင်ဒီမိုကရက်တစ် ပါတီ (KDP) ကိုသာ ဆန္ဒမဲပေးရန် အတွက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလမောင်လတောင်က ပြောကြားသည်။

ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသား ပါတီများ စုပေါင်းကာ ဘုံပါတီတစ်ရပ် ထူထောင်ရေးတွင် ကချင်ပါတီ အများက အကြောင်းအမျိုးမျိုးဖြင့် လက်မခံနိုင် ဖြစ်နေခြင်း အတွက် လူထုဆန္ဒနှင့် အနီးစပ်ဆုံး ဖြစ်သည့် ကချင်ဒီမိုကရက်တစ် ပါတီကိုသာ ဆန္ဒမဲ ပေးရေးအတွက် တိုက်တွန်းရန် ကြိုးပမ်းရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီက ဦးဆောင်ကာ မတ်လ ၁၀ ရက်နေ့က စီတာပူနှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့သည့် ကချင်တိုင်းရင်းသား နိုင်ငံရေး ပါတီများ ပေါင်းစည်းရေး တတိယအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲတွင် ကော်မတီက ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“ကချင်ပါတီတွေ ပေါင်းစည်းရေး အတွက် အခြားပါတီတွေက အကြောင်းအမျိုးမျိုးနဲ့ လက်မခံနိုင် ဖြစ်နေပေမယ့်KDP ပါတီက ပြည်သူအတွက် ဆိုရင် ပါတီဖျက်သိမ်းပြီး အခြားပါတီနဲ့ ပေါင်းမယ် ဆိုရင်လည်း ပေါင်းနိုင်တယ်။ KDP ပါတီအနေနဲ့ လုပ်နိုင်တယ်ဆိုတဲ့ အတွက် ကချင်လူထု အားလုံးက KDP ပါတီကိုပဲ မဲပေးဖို့အတွက် ဝန်းရံသွားမယ်။ KDP ပါတီအတွက် အလုပ် လုပ်ပေးတာတော့ မဟုတ်ဘူး။ ကချင်အမျိုးသားများကို ကိုယ်စားပြုနိုင်တယ် ထင်လို့ ကြိုးစားဝန်းရံ ပေးတာပါ” ဟု ၎င်းကဆိုသည်။

ကချင်တိုင်းရင်းသား ပါတီ အများစု ပေါင်းကာ ဘုံပါတီတစ်ရပ် မထူထောင်နိုင်သောကြောင့် ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီအနေနှင့် KDP ကိုသာ မဲပေးရန်အတွက် ကချင်လူထုကို တိုက်တွန်းသွားမည်ဟု ဆိုခြင်းမှာ ဒီမိုကရေစီ စံနှုန်းအရ ပြည်သူလူထု၏ အခွင့်အရေးကို ပိတ်ပင်ရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက မှတ်ချက်ပြု ပြောကြားသည်။

“ပါတီပေါင်းစည်းရေး လက်မခံတာ မဟုတ်ဘူး။ မူအရ လက်ခံပါတယ်။ အချိန်အခါအရ မဖြစ်နိုင်သေးတာပဲ ရှိတယ်။ ဖြစ်နိုင်ခြေ နည်းနေတဲ့ အချိန်မှာ ဒီလို လုပ်မယ်ဆိုရင် တရားမျှတမှု ရှိမယ်လို့ မထင်ဘူး။ ပြည်သူ့ရဲ့ အခွင့်အရေးတွေကို လုယူတယ်လို့ ထင်တယ်။ ဒါပေမဲ့ ပြည်သူက ခွဲခြားတတ်ပါတယ်” ဟု ၎င်းက တုံ့ပြန် ပြောဆိုသည်။

ပါတီများ မပေါင်းစည်းနိုင်သည့် အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ဒီမိုကရက်တစ် ပါတီ (KDP) ပါတီကိုသာ မဲထည့်ရေး ဆုံးဖြတ်ချက်အတွက် လာမည့် တစ်ပတ်အတွင်း ကချင်တိုင်းရင်းသား မျိုးနွယ်လူမျိုးစု အသီးသီး၏ ရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌများနှင့် မြစ်ကြီးနားမြို့မ ဒီရာဟိုတယ်တွင် ထပ်မံ တွေ့ဆုံ ညှိနှိုင်းသွားမည် ဖြစ်သည်။

မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သော ကချင်တိုင်းရင်းသား ပါတီများ ပေါင်းစည်းရေး ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် ကချင်ဒီမိုကရက်တစ် ပါတီ (KDP) နှင့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) တို့သာ တက်ရောက်ခဲ့ပြီး ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNCD) ကမူ ပူးပေါင်းမှု လက်မခံနိုင်သည့် သဘောထား မှတ်ချက်သာ ပေးပို့ခဲ့ကြောင်း ကချင်ပြည်သူ့ အသံ ဖော်ဆောင်ရေး ကော်မတီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment