Tuesday, March 11, 2014

လူဦးရေ ၁၀၀ကျော် ခိုလှုံနေသည့် လက်ကျိုက်ကျေးရွာ ဘုန်းကြီးကျောင်း သုံးရက်အတွင်း ဖယ်ရှားပေးရန် စစ်တပ်က ထပ်မံ အကြောင်းကြား

လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနှင့် အတူ ဖယ်ရှားခံရသော ကျေးရွာ ခြောက်ရွာတွင် ပါဝင်သည့် လူဦးရေ တစ်ရာကျော် ခိုလှုံနေသော လက်ကျိုက်ကျေးရွာရှိ လက်ကျိုက်ကုန်း ရတနာသိဒ္ဓိ တောရကျောင်းတိုက်ကို သုံးရက်အတွင်း ဖယ်ရှားပေးရန် မတ်လ ၉ ရက်နေ့တွင် တပ်မတော်က ထပ်မံ အကြောင်းကြားခဲ့ကြောင်း အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသူများ ထံမှ သိရှိရသည်။ 

တပ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု သတ်မှတ် ခံထားရသော ကျေးရွာပေါင်း ခြောက်ရွာကို ဖေဖော်ဝါရီလ ၄ ရက် နှင့် ၅ ရက်နေ့တို့က သက်ဆိုင်ရာ အဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့သဖြင့် အိမ်ဖယ်ရှား ခံရသူများမှာ ဘုန်းကြီးကျောင်း များတွင် ခိုလှုံ နေထိုင်လျက် ရှိကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အင်းမတီးကျေးရွာရှိ ကမ္မဋ္ဌာန်း ကျောင်းတိုက်ကို တပ်သားအင်အား ၅၀ ကျော်ခန့်က ဝင်ရောက် ဖယ်ရှားခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့က လက်ကျိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို သုံးရက်တွင်း ဖယ်ရှားပေးရန် ထပ်မံ အကြောင်းကြားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ရွာသားများထံမှ သိရှိရသည်။ 

“ဦးပဉ္စင်းရဲ့ကျောင်းကို သုံးရက်အတွင်း မဖယ်ရှားပေးရင် လာဖျက်မယ်လို့ အကြောင်းကြား ခံထားရတယ်။ စာနဲ့တော့ မဟုတ်ဘူး။ နှုတ်နဲ့ အသိပေးရုံ ဖြစ်တာကြောင့် ဦးပဉ္စင်းတို့တွေလည်း ဆက်နေရမလို၊ ဖျက်ရမလိုနဲ့ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘူး” ဟု လက်ကျိုက်ကုန်း ရတနာသိဒ္ဓိ တောရကျောင်း ထိုင် ဆရာတော် ဦးဝါယမက မိန့်ကြားသည်။ 

အဆိုပါ ဘုန်းကြီးကျောင်းတွင် လက်ကျိုက်ကျေးရွာမှ လူဦးရေ တစ်ရာကျော် ရှိသည့် အိမ်ထောင်စု ၄၂ စု ယာယီ ခိုလှုံလျက် ရှိပြီး ကျောင်းသို့ လာရောက် လှူဒါန်းသူ နည်းပါးသောကြောင့် စားဝတ်နေရေး အခက်အခဲများ နေ့စဉ် ကြုံတွေ့နေရကြောင်း ယင်းကျေးရွာသူ ရွာသားများထံမှ သိရှိရသည်။ 

“အိမ်ဖယ်ခံရလို့ ဆရာတော်က ကျောင်းမှာ နေခွင့်ပြုထားပေမယ့် အလှူရှင် လာတဲ့ရက်ဆို စားဖို့ အဆင်ပြေတယ်။ အလှူရှင် မလာတဲ့ရက် စားသောက်ဖို့ အနီးအနားမှာ ထင်းခုတ်ပြီး ပိုက်ဆံရှာရပေမယ့် တပ်ပိုင်မြေလို့ သတ်မှတ်ထားတော့ ဖမ်းခံရမှာ ကြောက်ကြောက်နဲ့ ထင်းရှာနေရတယ်” ဟု လက်ကျိုက်ကျေးရွာမှ အသက် ၄၀ နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက ပြောကြားသည်။ 

ဖေဖော်ဝါရီ ၂၅ ရက်နေ့က တပ်မတော်က အင်အားသုံးပြီး အင်းမတီး ကျေးရွာရှိ ကမ္မဋ္ဌာန်းကျောင်းကို ဖြိုလှဲခဲ့သောကြောင့် အဆိုပါ ကျောင်းတွင် ခိုလှုံနေသော လူဦးရေ ၁၂၀ ကျော်ရှိသည့် အိမ်ထောင်စု ၃၀ မှာ လက်ကျိုက်ကျေးရွာ အနီးရှိ မြေကွက်လပ်တွင် မိုးကာစများ ထိုး၍ နေထိုင်လျက် ရှိကြောင်း အဆိုပါ ကမ္မဋ္ဌာန်း ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက မိန့်ကြားသည်။ 

“ဘုန်းကြီးကျောင်းပါ ဖျက်ခံရတော့ ကျောင်းထိုင်ဆရာတော်နဲ့ ကျန်ဦးပဉ္စင်း တစ်ပါးက မြေကြီးပေါ်မှာ သီတင်းသုံးနေရတယ်။ ဘယ်အချိန် လာမောင်းထုတ်မှာလဲ တွေးပြီး စိုးရိမ်နေမိတယ်” ဟု အင်းမတီး ကျေးရွာသား ကိုဖိုးစောကူက ဆိုသည်။ 

လှည်းကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက အောင်သိဒ္ဓိကျောင်းတွင် ခိုလှုံနေသော သမီးကလေး ကျေးရွာရှိ မိသားစုဝင်များကို အခမဲ့မြေနေရာ အစားပြန်ပေးရန် စီစဉ်လျက် ရှိသော်လည်း သမီးကလေး ကျေးရွာနှင့်အတူ ဖယ်ရှားခံရသည့် အင်းမတီး ကျေးရွာနှင့် လက်ကျိုက် ကျေးရွာတို့မှ မိသားစုဝင်များကို မြေနေရာ ပြန်လည် အစားထိုးပေးအပ်ရန် ကမ်းလှမ်းထားခြင်း မရှိသေးကြောင်း ယင်းကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။ 

“ရွာဖျက်ခံရတာချင်း အတူတူ သမီးကလေးကျေးရွာ တစ်ခုတည်း မြေနေရာ ပြန်ပေးမယ် ကြားတယ်။ နေစရာ မရှိလို့ ဘုန်းကြီးကျောင်း ခိုကပ်နေတာကို ကျောင်းတိုင်ခြေတွေ ဓားနဲ့ခုတ်ပြီး ဖြိုလဲချခဲ့တာ။ အခု ကွင်းထဲမှာ အမိုးအကာမရှိ မြေကြီးပေါ် နေနေရတဲ့ရွာသူ ရွာသားတွေရဲ့ဘဝတွေကို သက်ဆိုင်ရာ လူကြီးတွေ က ထည့်စဉ်းစားစေချင်တယ်” ဟု အသက် ၅၀ ကျော်ရှိ အင်းမတီး ကျေးရွာသားက ပြောကြား သည်။ 

မတ်လ ၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိကျောင်းတိုက် အနီးရှိ ယာယီတဲများကို အပြီးသတ် ဖယ်ရှားခိုင်းခဲ့ပြီး လှည်းကူးမြို့နယ် ဝါးယားကုန်း ကျေးရွာ အနီးတွင် မတ်လ ၁၇ ရက်နေ့အမီ မြေနေရာများ ပြန်လည် ချထားပေးရန် လှည်းကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆောင်ရွက်လျက် ရှိသော်လည်း ပါတီရန်ပုံငွေ အခက်အခဲကြောင့် အခြား ဖယ်ရှား ခံရသော ကျေးရွာရှိ မိသားစုများကို မြေနေရာ ပြန်လည် ချထားပေးရန် အစီအစဉ် မရှိသေးကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment