Sunday, March 2, 2014

ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် မိတ်ဆက်ပြသ

လေသင်္ဘောပုံစံ ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် ဖေဖော်ဝါရီ ၂၈ ရက် က မိတ်ဆက် ပြသခဲ့သည်။ ဗြိတိန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Hybrid Air Vehicles က အမေရိကန်စစ်တပ်အတွက် ထုတ် လုပ်သော  Airlander လေယာဉ်သည် ပေ ၃ဝဝ (၉၁ မီတာ) ရှည်လျားသည်။ ယင်းလေယာဉ်သည် သုံးပတ် အထိ လေထဲတွင် ပျံသန်းနိုင်ပြီး ကမ္ဘာတစ်ဝန်း၌ ကုန်စည်ပို့ဆောင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူညီများ ဖြန့်ဖြူးရေးတို့တွင် အဓိက အသုံးဝင်မည် ဖြစ်သည်။ တန် ၆ဝ အထိ တင်ဆောင်နိုင်သော ယင်းလေယာဉ်သည် လက်ရှိကမ္ဘာ့အရှည်ဆုံး လေယာဉ် ရုရှားလေယာဉ် Antonov AN-225 (၈၄ မီတာ) ထက် ပိုမိုရှည်လျားသည်။ Airlander  လေယာဉ်သည် လေသင်္ဘောပုံစံ ကိုယ်ထည်သုံးခုကို ပေါင်းစပ်ထားပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်များဖြစ်သည့် ဘိုရင်း- ၇၄၇၊ အဲဘတ်စ် အေ-၃၈ဝ တို့ထက် ပေ ၆ဝ ကျော် ပိုမိုရှည်လျားသည်။


ယင်းလေယာဉ်ကို အမေရိကန်စစ်တပ်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အမေရိကန်က ဝယ်ယူမှုကို ဖျက်သိမ်းခဲ့သည်။ ဗြိတိန်အစိုးရထံမှ ထောက်ပံ့ကြေး ဒေါ်လာ ၄ ဒသမ ၁ သန်း ရရှိထားသော ဗြိတိန်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ HAV က ကမ္ဘာ့အရှည်ဆုံးလေယာဉ်များကို ရာနှင့်ချီ၍ တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

Air-lander လေယာဉ်တစ်စင်းလျှင် ဒေါ်လာသန်း ၁ဝဝ ခန့် ကုန်ကျပြီး လေယာဉ်တည်ဆောက်သည့် ဒီဇိုင်နာ များ က တစ်ကြိမ်လျှင် တန် ၅ဝ အထိ သယ်ဆောင်နိုင်သည့် ပိုမိုကြီးမားသည့် လေယာဉ်များကို တည်ဆောက်သွားရန် စီစဉ်နေသည်။

ဟီလီယံဓာတ်ငွေ့ဖြည့်သွင်းထားသော  ယင်းလေယာဉ်များသည် သာမန်ကုန်တင်လေယာဉ်များထက် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ၇ဝ ရာခိုင်နှုန်း သက်သာပြီး လေယာဉ်ပျံတက်ရန်အတွက် ပြေးလမ်းလည်း မလိုအပ်ပေ။ တစ်နာရီလျှင် မိုင် ၁ဝဝ နှုန်းအထိ မောင်းနှင်နိုင်သော Airlander လေယာဉ်ကို ဆက်သွယ်ရေးလုပ်ငန်းများနှင့် ကင်းထောက်လုပ်ငန်းများအတွက်လည်း အသုံးပြုသွားနိုင်မည်ဖြစ်သည်။

လေယာဉ်တစ်ပိုင်း၊ လေသင်္ဘော တစ်ပိုင်း၊ ရဟတ်ယာဉ်တစ်ပိုင်း ပေါင်းစပ်ထားသည့် ကမ္ဘာ့အရှည် ဆုံးလေ ယာဉ်ကို လာမည့်နှစ်များအတွင်း ကုန်တင်လေယာဉ်ဖြင့် တွင်ကျယ်စွာ အသုံးပြုလာနိုင်ကြောင်း HAV က ပြောကြား ခဲ့သည်။ HAV မှ ဆက်သွယ်ရေးဌာနခွဲဥက္ကဌ ခရစ်ဒန်နီရယ်က လေယာဉ်အတွက် ဟီလီယံ ဓာတ်ငွေ့ကို အသုံးပြုသဖြင့် နောင်တွင်တန် ၂ဝဝ အထိ သယ်နိုင်သည့် လေယာဉ်များ တည်ဆောက်နိုင် မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။     Ref:AFP

Eleven Media Group

No comments:

Post a Comment