Sunday, March 2, 2014

ရုရှားက ယူကရိန်းနယ်မြေကို ကျူးကျော်ဝင်ရောက်ပါက ဆိုချီ ၌ပြုလုပ်မည့် ဂျီ-၈ ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်မည်ဟု အိုဘားမား သတိပေး


ဖေဖော်ဝါရီ ၂၈ ရက်က ယူကရိန်းပြည်မနှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ ရုရှား အလံ(၀ဲ)နှင့် ရုရှားရေတပ်အလံ(ယာ)တို့ အောက်ရှိ စစ်ဆေးရေးစခန်းတစ်ခုတွင် ဘာကက်တပ်ဖွဲ့ဝင်တစ်ဦး ရိုင်ဖယ်ဖြင့်ချိန်ထား စဉ်

အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားဥပရောပခေါင်းဆောင် များက ရုရှားသည် ယူကရိန်း နယ်မြေ သို့ ကျူးကျော်ဝင်ရောက်သည်ဟု သူတို့အနေဖြင့် ဆုံးဖြတ်ပါက ဆိုချီ၌ ပြုလုပ်မည့် ဂျီ-၈ ထိပ် သီးဆွေးနွေး ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း မတ် ၁ ရက်တွင် သတိပေးလိုက်သည်။


ကိဗ်မြို့ရှိ ယူကရိန်းအာဏာပိုင်တစ်ဦးက ရုရှားတို့၏ ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားနေကြောင်း အခိုင် အမာပြောကြားခဲ့ပြီးနောက် ရုရှားတပ်များသည် ခရိုင်းမီးယားဒေသ၌ တပ်စွဲထားကြောင်း သတင်းများ ထွက်ပေါ်လာသည့်အပေါ် အိုဘားမားက လွန်စွာစိုးရိမ်မိပါကြောင်း ပြောကြားခဲ့သည်။

ရုရှားတပ်များသည် ယူကရိန်းနယ်မြေအတွင်း အမှန်တကယ်လှုပ်ရှားနေကြောင်း သက်သေခိုင်လုံသည်ဟု အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် အိုဘားမားသည် အိမ်ဖြူတော်ရှိ အစည်းအဝေးခန်းမအတွင်း စကားပြောကြားရန် ရုတ်တရက် ဆုံးဖြတ်ခဲ့သည်ဟု အမေရိကန်ထိပ်တန်းအာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။

လက်နက်များ အကြီးအကျယ်တပ်ဆင်ထားသည့် စစ်သားများသည် ၎င်းတို့ ၏ဝတ်စုံများတွင် မည်သည့်နိုင်ငံ ၏ အမှတ်တံဆိပ်ကိုမှ တပ်မထားဘဲ ခရိုင်းမီးယားဒေသ ဆင်ဖာရိုပိုးမြို့ရှိ အစိုးရအဆောက်အအုံများနှင့် လေဆိပ်တစ်ဝိုက်တွင် ရှိနေကြောင်းသိရှိရပြီး ယူကရိန်းအာဏာပိုင်များက ယင်းကို “ရုရှား၏ ဗြောင်ကျသော ရန်လိုမှု”ဟု  စွပ်စွဲခဲ့သည်။ ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ရုရှားတပ်သား ၂ဝဝဝ ခန့်သည် ခရိုင်းမီးယားဒေသတွင် တပ်စွဲထားကြောင်း သိရသည်။ ယင်းကဲ့သို့ ဝင်ရောက်တပ်စွဲထားသော်လည်း ရုရှားတို့က တစ်စုံတစ်ရာ ကြိုတင်အသိပေးခဲ့ခြင်းမရှိဟု ဆိုသည်။

ရုရှားသည် ၎င်းတို့၏ အကျိုးစီးပွားအတွက်လည်းကောင်း၊ ယဉ်ကျေးမှုနှင့်စီးပွားရေးအရလည်းကောင်း ယူကရိန်းနှင့် ဆက်ဆံရေးများ ရှိခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဆိုဗီယက်ယူနီယံက ဆိုဗီယက်ယူနီယံ အတွင်း ပါဝင်သော ယူကရိန်းနိုင်ငံသို့ ခရိုင်းမီးယားဒေသကို လွှဲပြောင်းမှုမပေးမီ ယင်းဒေသ၌ ရုရှားစစ် အခြေစိုက် စခန်း ရှိခဲ့ကြောင်း အိုဘားမားက သတိပြုမိပြီး ဖြစ်သည်ဟု ဆိုသည်။          

Ref:AFP
Eleven Media Group

No comments:

Post a Comment