Wednesday, March 26, 2014

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၆၀ ကျော် တွေ့ဆုံမည်

မတ်လဒုတိယပတ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံရေးပါတီ ၆၀ ကျော်နှင့် မျက်နှာစုံညီ တွေ့ဆုံမည် ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံတွင် လာမည့်စနေနေ့၌ ပြုလုပ်မည့် အဆိုပါ တွေ့ဆုံ ပွဲသို့ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၆၅ ခုကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရများ မှတစ်ဆင့် ဖိတ်ကြားထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီအားလုံး ပထမဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံ ပွဲကို ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ခြင်း မဟုတ်ဘဲ နိုင်ငံတော်သမ္မတရုံး၏ အစီအစဉ်ဖြင့်သာ ဆောင် ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။
“ပါတီအားလုံးနဲ့တွေ့တာ ဒါပထမဆုံး ဖြစ်မယ်။ အဓိက ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါတီတွေပါမယ့် အခန်းကဏ္ဍကို ပြောဖို့များပါတယ်။ အသေးစိတ် မသိရသေးဘူး” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ရှင်းပြသည်။

ရန်ကုန်မြို့တွေ့ဆုံပွဲသို့ နိုင်ငံရေး ပါတီတစ်ခုလျှင် ကိုယ်စားလှယ်သုံးဦးစီ ဖိတ်ကြားထားပြီး လက်ရှိနိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာများ ဆွေးနွေးဖွယ် ရှိကြောင်း၊ တွေ့ ဆုံပွဲ တက်ရောက်သူ များပြားနိုင်သည့်အတွက် အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးနိုင်ဖွယ် မရှိကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောဆိုသည်။
“ကျွန်တော်တို့ဆီတော့ ဖိတ်စာ မရောက်သေးဘူး။ တွေ့ဖြစ်မယ်ဆို ဒါပထမဆုံးအကြိမ် ဖြစ်မယ်။ အရင်က သမ္မတနဲ့ ပါတီဥက္ကဋ္ဌပဲ တွေ့ဖြစ်တာ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအထွေထွေ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီအားလုံး တစ်စု တစ်စည်းတည်း တွေ့ဆုံမှုမှာ ယခုအကြိမ် ပထမဆုံး ဖြစ်သော်လည်း နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံမှုမှာမူ လေးကြိမ်ခန့်ရှိပြီ ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲ များတွင် နိုင်ငံရေးပါတီများ ပါဝင်ရန် အစိုးရက ပြောဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် ကြီးလေးကြီး တွေ့ဆုံရေး ကိစ္စကိုလည်း နိုင်ငံရေးပါတီအားလုံး ပါဝင်သင့်ကြောင်း သမ္မတဦးသိန်းစိန်က သဘောထား ပြန်ကြား ထားသည်။

The Voice Weekly

No comments:

Post a Comment