Sunday, March 2, 2014

ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး အဆုံးသတ်မည်ဟု ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ကြေညာ

ပြီးခဲ့တဲ့ လက ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး ပြုလုပ်စဉ်
ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်က ဇန်န၀ါရီ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေးကို မတ်လ ၃ ရက်နေ့မှာ အဆုံးသတ်မယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ညက ကြေညာလိုက်ပါတယ်။

ပိတ်ဆို့ ဆန္ဒပြမှု သပိတ်စခန်းတွေ အားလုံးက ဆန္ဒပြသူတွေက လုမ်ဗနီပန်းခြံကို ရွှေ့ပြောင်းဆုတ်ခွာမှာ ဖြစ်ပြီး အနာဂတ်မှာ လုပ်မယ့် လှုပ်ရှားမှု အားလုံးကိုလည်း လုမ်ဗနီ ပန်းခြံကို ရွှေ့ပြောင်းမယ်လို့ ဆူထေ့ပ်က ဆန္ဒပြသူတွေကို ပြောပါတယ်။ ခုလို သပိတ်စခန်းတွေကနေ ဆုတ်ခွာတာဟာ ၀န်ကြီးချုပ်ယင်လခ်ကို ရာထူးချရေးတိုက်ပွဲ ပြီးဆုံးတာ မဟုတ်ဘူးလို့လည်း ဆူထေ့ပ်က ပြောပါတယ်။

ဆန္ဒပြသူတွေက အစိုးရရုံးတွေနဲ့ ရှင်နာဝပ်မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေကို ဆက်လက် ပိတ်သိမ်းထားမှာ ဖြစ်ပြီး တိုက်ပွဲက ပိုပြင်းထန်လာမယ်လို့ ဆူထေ့ပ်က ပြောပါတယ်။

ဘန်ကောက်မြို့က အစိုးရရုံးတွေနဲ့ အဓိက လမ်းဆုံကြီးတွေကို ပိတ်ဆို့ သိမ်းပိုက်ထားမှုဟာ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်လခ်ရာထူးက ဆင်းပေးရေး ဆက်လက်ဖိအားပေးဖို့ ရည်မှန်းခဲ့တာပါ။ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေကို ၀န်ကြီးချုပ်က ထပ်ခါထပ်ခါ ပယ်ချခဲ့ပါတယ်။

ဘန်ကောက်ရဲ့ လူစည်ကားတဲ့ စီးပွားရေးခရိုင်တွေက လမ်းဆုံတွေနဲ့အဓိက လမ်းမကြီး အတော်များများကို ပိတ်ဆို့ထားမှုဟာ ဒေသခံတွေနဲ့ သူတို့ရဲ့ နေ့စဉ်ဘ၀တွေကို ထိခိုက်နေတာပါ။ ဆန္ဒပြ သပိတ်စခန်းတွေကို ပစ်ခတ်မှုတွေနဲ့ ဗုံးခွဲမှုတွေ ကျန်ခဲ့တဲ့ရက်တွေက ဖြစ်ပွားခဲ့လို့ လုံခြုံရေးကို အာမခံဖို့ ခက်ခဲနေတာပါ။

နိုဝင်ဘာလက စတဲ့ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူ ၂၁ ယောက် သေဆုံးခဲ့ပြီး လူ ရာနဲ့ချီ ဒဏ်ရာရခဲ့ ပြီးပါပြီ။

ဒေသခံ အများစုကလည်း ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေးအမြန်ဆုံး အဆုံးသတ်ရေး မျှော်လင့်နေကြတာပါ။

ဆူထေ့ပ်ရဲ့ ကြေညာချက်ဟာ ဆန္ဒပြသမားတွေရဲ့ စိတ်ဓာတ်ကျမှုနဲ့ ဘဏ္ဍာရေးထောက်ပံ့မှု ကင်းမဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ယုံကြည်ကြပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment