Sunday, March 2, 2014

မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့

Photo: မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့
Sunday, March 2, 2014

မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် အနောက် အပ်ချုပ်ဝင်း ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးထံမှ ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ ၁၄ စုံနှင့် တိုက်ခိုက်ရေး ပစ္စည်းများ စစ်ဆေး တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ချမ်းအေးသာစံ မြို့နယ် ကူရှင်ချုပ် လုပ်ငန်း လုပ်ကိုင်သူ ခင်မောင်ဌေးထံမှ အလူမီနီယံပြား၊ စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ နှစ်ထည်၊ လေးခွ ၁၃ လက်၊ ကုန်းသီးအလုံး ၉၀၊ ခရင်းခွ တစ်ခု၊ လှံတစ်ချောင်း၊ ဓားနှစ်ချောင်းတို့ကို တွေ့ရှိခဲ့ပြီး ၎င်းကို ဆက်လက် စစ်ဆေး မေးမြန်းချက် အရ ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ ရွှေမောင်အိမ်မှ ခြောက်ထည်၊ လှမြင့်အိမ်မှ တစ်ထည်၊ ဇော်ဦးအိမ်မှ နှစ်ထည်တို့ကို တွေ့ရှိခဲ့ရကြောင်း၊ မတ်လ ၁ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ် နေသူ သိန်းဇော်ထံမှ နှစ်ထည်၊ ဂျင်ကလိ ၁၀ ခု၊ စမုတ်တံများ၊ ဓားနှစ်ချောင်း၊ ခင်မောင်သန်းထံမှ တစ်ထည်တို့ကို တွေ့ရှိခဲ့ပြီး ဒုတိယရဲမှူးကြီး စိန်ထွန်းက ရှင်းပြသည်။

အဆိုပါ ဓား၊ လှံများဖြင့် ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများကို ချုပ်လုပ်သူကို စစ်ဆေးရာ ၎င်းသည် မိတ္ထီလာတွင် ဘာသာရေး ပဋိပက္ခပြီးနောက် ချုပ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းအင်္ကျီများကို ဇော်ဝင်းဆိုသူက တစ်ထည်လျှင် လက်ခ ၃၀၀၀ ကျပ်နှုန်းဖြင့် အထည် ၃၀ ချုပ် လုပ်ခဲ့ကာ တွေ့ရှိသော ဓားများမှာ အစ်အခါ ကာလတွင် နွားများ လည်လှီးရန် ထားရှိကြောင်း ထွက်ဆိုခဲ့သည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အဓိက ကတော့ မိတ္ထီလာလိုမျိုး ကုလား-ဗမာ အဓိကရုဏ်း ဖြစ်လာရင် ကြိုတင် ကာကွယ်ဖို့ အတွက်လို့ သိရတယ်။ သူ့ကို လာအပ်ကြတယ်။ ကျွန်တော်တို့ စစ်ဆေးရ သလောက်တော့ ပစ္စည်းတွေ သိမ်းပြီးပြီ” ဟု ၎င်းကဆိုသည်။

၎င်းတို့ ခြောက်ဦးအနက် လေးဦးကို ချမ်းအေးသာစံ မြို့မ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် လည်းကောင်း၊ နှစ်ဦးကို ချမ်းမြသာစည် မြို့မ နယ်မြေ ရဲတပ်ဖွဲ့ စခန်းတွင် လည်းကောင်း (ပ) ၁၅၅/ ၂၀၁၄ လက်နက်ပုဒ်မ ၁၉ (က) (ခ)အရ အမှုဖွင့် ဖမ်းဆီးကာ ပစ္စည်းများ သိမ်းဆည်း ရမိသူများကို စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ရှင်းပြသည်။

The Voice Weekly

No comments:

Post a Comment