Thursday, March 6, 2014

သီလ၀ါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို မတ် ၅ ရက်တွင် ဘဏ်များမှတစ်ဆင့် ရောင်းချခဲ့ပြီး ရှယ်ယာပိုင်ဆိုင်ခွင့်ကို ဧပြီ ၂၈ ရက်တွင် အကြောင်းကြားမည်

ကမ္ဘောဇ တာမွေဘဏ်ခွဲတွင် ရှယ်ယာလာရောက် ၀ယ်ယူသူများအား မတ်လ ၅ ရက်က တွေ့ရစဉ်

သီလ၀ါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို ဘဏ်များမှတစ်ဆင့် ၂၀၁၄ ခုနှစ် မတ် ၅ ရက်တွင် စတင်ရောင်းချခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ၀ယ်ယူခွင့်ရ၊ မရကို ပြန်လည်အကြောင်းကြား ပေးသွား မည်ဖြစ်ကြော င်း ဘဏ်များမှ စုံစမ်းသိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရှယ်ယာများကို ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဘဏ်ခွဲပေါင်း ၁၈၂ ခုနှင့် ချိတ်ဆက်ကာ မည်သူ့ကိုမဆို ရောင်းချပေးနေပြီး ၀ယ်ယူလိုသူများသည် သက်ဆိုင်ရာဘဏ်များတွင် မှတ်ပုံတင်မူရင်းနှင့် မိတ္တူသုံးစောင် လိုအပ်ကြောင်း သိရသည်။    

“ဒီနေ့မှာ ၀ယ်လို့ရပြီဆိုပြီး ဘဏ်ကနေ အကြောင်းကြားတော့ သွားဝယ်တယ်။ ကျွန်မ၀ယ်တဲ့ ရှယ်ယာ ပမာဏ ၅၀၀၀၀ အပေါ်မှာ ၀န်ဆောင်ခ ၂၀၀ ဖြတ်တယ်။ ငွေများရင် များသလောက်ဖြတ်မယ်လို့ သိရတယ်။ သေချာတော့ မရှင်းပြဘူး။ ရှယ်ယာဝယ်ဖို့အတွက် ဖောင်ဖြည့်ရတယ်။ သီလ၀ါ အများပိုင်ကုမ္ပဏီ ကနေပြီးတော့ ၀ယ်ယူခွင့်ရမရကို ၂၈ ရက်မှာ အကြောင်းပြန်မယ်လို့ ပြောတယ်။ တကယ်လို့ ၀ယ်ယူခွင့် မရခဲ့ရင် ပေးထားတဲ့ ၀န်ဆောင်ခကို ပြန်မရဘဲနဲ့ သွင်းထားတဲ့ငွေကိုပဲ ပြန်ထုတ်ခွင့်ရှိမယ်လို့ ပြောပါတယ်။ ဘဏ်တွေက သေချာရှင်းပြတာမျိုးတွေ မရှိဘူး။ မေးရင်လည်း ကုမ္ပဏီကိုပဲ ပြန်မေးကြည့်ပါ။ မသိဘူးပဲ ပြန်ဖြေတယ်” ဟု မတ် ၅ ရက်တွင် သီလ၀ါ အထူးစီးပွားရေးဇုန် ရှယ်ယာများကို သွားရောက်ဝယ်ယူခဲ့သူ တစ်ဦးက ဆိုသည်။

မြန်မာ-သီလ၀ါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ အရေအတွက် ၂ ဒသမ ၁၄၅ သန်းကို ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမ၀ါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်တို့၏ တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများတွင် ၀ယ်လိုသည့် ရှယ်ယာအရေအတွက်၊ အဆိုပြုလွှာတင်ကာ စတင်ဝယ်ယူနိုင်ရန် မတ် ၃ ရက်မှ စတင် ၀ယ်ယူနိုင်ရန် စီစဉ်ထားသော်လည်း မရရှိခဲ့ဘဲ မတ် ၅ ရက်မှသာ စတင်ဝယ်ယူ၍ ရခဲ့ကြောင်း သိရ သည်။

“နိုင်ငံတိုင်းမှာ ရှယ်ယာဝယ်မှာကို ပိုက်ဆံပေးပြီးတော့ ၀ယ်ချင်တိုင်းဝယ်လို့ မရဘူး။ အဲဒါကတော့ secondary market မှာဖြစ်နိုင်တယ်။ အဲဒီမှာဆိုရင် ရှယ်ယာထုတ်ရောင်းပြီးတော့မှ အချင်းချင်းချက်ချင်း ၀ယ်လို့ရမယ်။ စစချင်းမှာဆိုတော့ အဆိုပြုပြီး ရောင်းရမှာဆိုတော့ နိုင်ငံတကာမှာလည်း ထုံးစံပဲ။ ၀ယ်တဲ့သူ များသလားနည်းသလား အဲဒီထဲမှာမှ ရှယ်ယာနည်းနည်းဝယ်တဲ့သူကို ဦးစားပေးရမှာတွေ ရှိသေးတာကိုး။ အဲဒါတွေက အဆိုပြုလွှာကို မူတည်ပြီးမှ ကွန်ပျူတာနဲ့ ပြန်တွက်ရတယ်။ ဥပမာ သိန်း ၂၀ ပဲ ၀ယ်မယ့်သူတွေ အားလုံးပေါင်းရင် ဘယ်လောက်ရာခိုင်နှုန်းရှိလဲပေါ့။ ရာခိုင်နှုန်း ၃၀ ပဲရှိတယ်ဆို မဖြစ်သေးဘူး။ အဲဒါဆိုရင် သိန်း ၃၀ အပြည့်ဝယ်တဲ့လူတွေ အကုန်လုံးကိုပေါင်းပြီး အဲဒီမှာမှ ရာခိုင်နှုန်း ၄၀ ပဲ ရှိသေးတယ်ဆိုရင်လည်း မဟုတ်သေးဘူး။ သိန်း ၄၀ အထိ ၀ယ်တဲ့လူတွေရဲ့ အဆိုပြုလွှာ အကုန်လုံးကို ပြန်ပေါင်း ရာခိုင်နှုန်း ၅၀ ရှိပြီဆိုရင် မဆိုးသေးဘူး။ အဲဒီလိုအဆင့်ဆင့် ပြန်တွက်ရတာပေါ့” ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။ ရှယ်ယာများကို ရောင်းချရာတွင် ရှယ်ယာအနည်းငယ် ၀ယ်ယူသူကို ဦးစားပေး ရောင်းချမည်ဖြစ်ကာ ကျန်ရှိသည့် ရှယ်ယာများမှ ရှယ်ယာ များများ ၀ယ်ယူလိုသူများထံ နိုင်ငံတကာ ထုံးစံအတိုင်း Pro-rata စနစ်ဖြင့် အချိုးကျ ရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment