Thursday, March 6, 2014

မြန်မာနိုင်ငံတွင် ယာဉ်နှင့်ယာဉ်အပိုပစ္စည်း စက်ရုံများ တည်ထောင်ရန် ဂျပန်နှင့် ထိုင်းကုမ္ပဏီများစီစဉ်

မတ်လ ၂ ရက်တွင် ဖွင့်လှစ်ခဲ့သည့် Toyota ကားအရောင်းပြခန်းအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်မြတ်ကို)

မြန်မာနိုင်ငံတွင်ကားနှင့်ကားအပိုပစ္စည်းစက်ရုံများတည်ထောင်လုပ်ကိုင်ရန် စီစဉ်မှုများရှိကြောင်းသိရသည်။

“ဂျပန်နဲ့ထိုင်းက ကုမ္ပဏီတွေလာပြီး မြန်မာနိုင်ငံမှာ ကားနဲ့ကားအပိုပစ္စည်းစက်ရုံတွေ တည်ထောင် လုပ်ကိုင်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့ လာပြီးဆွေးနွေးတာတွေ ရှိတယ်။ သူတို့အနေနဲ့ ဖက်စပ်တွဲလုပ်မယ့် ပြည်တွင်းကုမ္ပဏီတွေကို ရှာနေတယ်။ နောက်ပြီး သီလ၀ါမှာ ဆူဇူကီးက ကားအစိတ်အပိုင်းတွေ လာထုတ်ဖို့ စီစဉ်ထားတယ်လို့ သိရတယ်။ ပြည်တွင်းမှာ ကားအပိုပစ္စည်း ထုတ်လုပ်နိုင်ရင် ကုန်ကျစရိတ် သက်သာမှုတွေ ရှိလာမှာပေါ့” ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ပြည်ပနိုင်ငံ အခြေစိုက် ကားကုမ္ပဏီများအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင်များအား တစ်ဦးတည်း ကိုယ်စား လှယ်အဖြစ် ခန့်အပ်၍ ကားအရောင်းပြခန်းများ ဖွင့်လှစ်ခြင်း၊ ၀န်ဆောင်မှုစင်တာများ၊ ကားအပိုပစ္စည်း ရောင်းချခြင်းများကို ဆက်တိုက်ပြုလုပ်မှုများ ရှိနေသည်။ မြန်မာနိုင်ငံတွင် မော်တော်ကားနှင့် မော်တော်ကားအပိုပစ္စည်းများ ထုတ်လုပ်ရောင်းချရန်အတွက် မလေးရှားနိုင်ငံ၊ APM Automotive Indochina ကုမ္ပဏီနှင့် ETCM (MM) Pte ကုမ္ပဏီတို့မှ Nissan တံဆိပ် မော်တော်ကား ထုတ်လုပ်ရောင်း ချခြင်းကို ပဲခူးတိုင်းဒေသကြီးရှိ မြေဧက ၁၀၀ နီးပါးပေါ်တွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏ စုစုပေါင်းမှာ ဒေါ်လာသန်း ၂၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဂျပန်အခြေစိုက် ကားကုမ္ပဏီများဖြစ်သော Nissan၊ Mitsubishi၊ Suzuki၊ Toyota၊ နှင့် အမေရိကန်အခြေစိုက် Ford၊ Chevrolet၊ ဂျာမနီအခြေစိုက် Mercedes-Benz၊ တောင်ကိုရီးယားအခြေစိုက် K.I.A နှင့် Hyundai ကားကုမ္ပဏီတို့၏ အရောင်းပြခန်းများ၊ Original Spare Parts နှင့် ၀န်ဆောင်မှုစင်တာများကို လာရောက်ဖွင့်လှစ်ထားပြီး ဗြိတိန်အခြေစိုက် Jaguar Land Rover၊ ဂျာမနီအခြေစိုက် BMW နှင့် ဂျပန်အခြေစိုက် Mazda စသည့် ကားကုမ္ပဏီတို့မှလည်း S3 စင်တာများ ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ လူတစ်ဦးလျှင် ပြည်ပမှ ကားတစ်စီးစီအား လွတ်လပ်စွာ တင်သွင်း ခွင့်ပြုခဲ့သည့်နောက်ပိုင်း တင်သွင်းသည့် အရေအတွက်မှာ တစ်လလျှင် ပျမ်းမျှအစီးရေ တစ်သောင်း အထိရှိကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment