Tuesday, March 18, 2014

မုံရွာ-ပုသိမ် ကားလမ်း အုံတုံပင်ကျေးရွာ ထန်းသမားများနှင့် တောင်သူများ ဆန္ဒထုတ်ဖော်

Photo: မုံရွာ-ပုသိမ် ကားလမ်း အုံတုံပင်ကျေးရွာ ထန်းသမားများနှင့် တောင်သူများ ဆန္ဒထုတ်ဖော်
======================================

 March 18, 2014

ယင်းမာပင် မြို့နယ်အတွင်း အိမ်ရာ စီမံကိန်းနှင့် ရဲတပ်ရင်း ဆောက်လုပ်မည့် နေရာများကို မြေညှိပြီး ထန်းပင်များ ဖြိုလှဲခံခဲ့ရကာ လေးလခန့် လုပ်ငန်းခွင် ဝင်ရောက်ခွင့် မရခဲ့ခြင်းကြောင့် စားဝတ်နေရေး ရပ်တည်ရန် ခက်ခဲလာသည့် အတွက် အုံတုံပင် ကျေးရွာမှ ဒေသခံ အချို့သည် မတ်လ ၁၇ ရက်နေ့တွင် မုံရွာ-ပုသိမ် ကားလမ်းမပေါ် ထွက်၍ တောင်းစားသည့် ပုံသဏ္ဌန် ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။

“ထန်းလျက်ချက်တဲ့ ဖိုတွေကိုပါ ရပ်ထားရတော့တာ။ တာဝန်ရှိသူတွေက ထန်းပင်တွေ လှဲလိုက်တော့ ထန်းတက်တဲ့သူတွေရော တောင်သူအချို့ရော စီးပွားရေး မပြေလည်တော့ဘူး။ အဲဒါကြောင့် ဒီနေ့ လမ်းမပေါ်မှာ ထွက်ပြီး ဖြတ်သွားတဲ့ ဘုရားဖူးကားတွေ၊ နတ်ပွဲသွားတဲ့ ကားတွေကို ကျွန်မတို့ ခံစားနေရတာတွေ ပြောပြပြီး တောင်းနေတာပါ” ဟု ယင်းနေရာတွင် ရောက်ရှိနေသည့် အုံတုံပင် ကျေးရွာမှ အမျိုးသမီးကြီး တစ်ဦးက ဆိုသည်။

အုံတုံပင်ကျေးရွာမှ ဒေသခံများသည် မတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင်လည်း ပုသိမ်-မုံရွာ ကားလမ်းမပေါ်နှင့် ယင်းမာပင် မြို့ပေါ်တို့တွင် နှစ်ရက်ဆက်တိုက် လူအင်အား ၁၀၀ ကျော်ခန့်ဖြင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့က အမျိုးသမီး ၂၀ ခန့်ဖြင့် တောင်းရမ်းသည့် ပုံစံ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ (မတ်လ ၁၇ ရက်နေ့) နံနက်က တာဝန်ရှိသူတွေ ရွာထဲလာပြီး ထန်းပင်တွေ ဘယ်လောက် ဆုံးရှုံးလဲ စာရင်း လုပ်ထားဖို့ လာပြောတယ်။ စက်တွေနဲ့ လှဲထားတာ စာရင်း လာမတောင်းနဲ့လို့ ရွာကလူတွေ ပြောလိုက်တယ်” ဟု အုံတုံပင် ရွာခံတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာတွင် ရဲတပ်ရင်း (၂၈) တည်ဆောက်ရန်နှင့် အိမ်ရာစီမံကိန်း စတင်နိုင်ရန် မတ်လ ၆ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များဖြင့် ကာကွယ်၍ စက်ယန္တရားများဖြင့် ထန်းပင်များ ဖြိုလှဲခြင်း၊ မြေယာ ရှင်းလင်းခြင်းများ လုပ်ကိုင်ခဲ့သဖြင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသခံ ငါးဦးနှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်း ခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment