Monday, March 31, 2014

ဆရာတော်ဦးဝီရသူက နိုင်ငံသား အစ္စလာမ်ဘာသာအသိုင်းအဝိုင်း ပေါ်ပေါက်ရန် ကြိုးပမ်းမည်ဟုကြေညာ

အမျိုးသားရေးဝါဒီ ဆရာတော်ဦးဝီရသူက နိုင်ငံအပေါ် သစ္စာစောင့်သိမှုကို အခြေခံသည့် ''နိုင်ငံသား'' အစ္စလာမ်ဘာသာ အသိုင်းအဝိုင်း ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးနှင့်တွေ့ဆုံကာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
ဆရာတော်ဦးဝီရသူနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ က မတ် ၂၉ရက်တွင် ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ တွေ့ဆုံဆွေးနွေးသဘော တူညီချက်ရယူကာ ယခုကဲ့သို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။
ဆရာတော်ဦးဝီရသူက ''ဦးဇင်းကတော့ အမျိုးသားရေးကို ဆောင်ရွက် နေပေမယ့် တူတဲ့သူတွေနဲ့တွဲသလို မတူသူတွေကိုလဲ ခွဲပါတယ်။ ဘာသာနှစ်ခုကြား မသင့်မြတ်မှုတွေ မရှိရအောင်။ သွေးခွဲတာတွေ၊ မှိုင်းတိုက်တာတွေ မခံရအောင် သန့်ရှင်းရေးလုပ်တဲ့ သဘောပါ''ဟု ဖလားဝါးနယူးစ်သို့ မိန့်ကြားသည်။
မူဆလင်ဘာသာဝင် သုံးမျိုးသုံးစားရှိပြီး မြန်မာပြည်တွင်မွေးကာ မြန်မာ ပြည်ကိုချစ်မြတ်နိုးသည့် မြန်မာနိုင်ငံကိုသစ္စာစောင့်သိသည့် ပထမတန်းစား မူဆ လင်ဘာသာဝင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရန် ပူးပေါင်းလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဦးဝီရသူက မိန့်ဆိုသည်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ''မျက်နှာချင်းဆိုင် တစ်ဖက် နဲ့တစ်ဖက် မပြောကြဘဲနဲ့ ဘာမှသိကြမှာမဟုတ်ဘူး။ ခုလိုတွေ့ဆုံပြီး သူ့အကြောင်း ကိုယ့်အကြောင်း ပြောလိုက်ရတော့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် နားလည် မှုတွေ ရလာမယ်။ အမှန်တရားကို စာရင်းရှင်းဖို့ မဟုတ်ပါဘူး။ ရှေ့ကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပူးပေါင်းဆောင်ရွက်ကြမှာပါ။ အဲဒီမှာ မြန်မာနိုင်ငံ မှာနေ တဲ့ နိုင်ငံသား နဲ့ နိုင်ငံခြားသားနဲ့ကတော့ မတူနိုင်ပါဘူး''ဟု ပြောကြားသည်။
အဆိုပါ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အချက်သုံးချက်ပါဝင်ပြီး နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူ၊ ကျေးဇူးသိတတ်သူကို လူမျိုးဘာသာမခွဲခြား ဘဲ ထိန်းသိမ်းစောင့်ရှောက် သွားရန်၊ မြန်မာ့ထုံးတမ်းအစဉ်အလာနှင့် ကိုက်ညီသည့် နိုင်ငံသား အစ္စလာမ်ဘာသာဝင် မူဆလင် အသိုင်းအဝိုင်း ပေါ်ပေါက်လာရေးနှင့် ဘာသာကြီးနှစ်ခုအကြား အထင်အမြင်လွဲမှားမှု များကို နိုင်ငံ အပေါ်သစ္စာစောင့်သိ ရိုသေမှုနှင့်အတူ နားလည်မှု တည်ဆောက် သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
 
Yangon Media Group

No comments:

Post a Comment