Thursday, March 6, 2014

တစ်ခိုင်လုံးရွှေ အေးအေးမြင့် ယဉ်ကျေးမှုအနုပညာအဖွဲ့၏ ဖျော်ဖြေမှုများကို ထိုင်းရုပ်သံဌာနတွင် အပိုင်းလိုက် ထုတ်လွှင့်ပြသရန် ကမ်းလှမ်းခံရ

တစ်ခိုင်လုံးရွှေ အေးအေးမြင့် ယဉ်ကျေးမှုအနုပညာအဖွဲ့၏ ဖျော်ဖြေမှုများကို ထိုင်းရုပ်သံဌာနတွင် အပိုင်း လိုက် ထုတ်လွှင့်ပြသရန် ကမ်းလှမ်းထားကြောင်း သတင်းရရှိသည်။ အဆိုပါ ရိုက်ကူးတင်ဆက်မှုများအတွက် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ပြုလုပ်လျက်ရှိသည့် Bangkok International   Wedding Fashion Show တွင် ပါဝင်ဖျော်ဖြေလျက်ရှိသော တစ်ခိုင်လုံးရွှေအေးအေးမြင့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကို ရိုက်ကူးရန် စီစဉ်ထားခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံ ဘန်ကောက်မှာပြုလုပ်တဲ့ Bangkok International Wedding Fashion Show မှာ ပါဝင်ဖျော်ဖြေမှာပါ။ အဲဒီဖျော်ဖြေရေးတွေကို ထိုင်းရုပ်သံလိုင်းက ရိုက်ကူးဖို့ ကမ်းလှမ်းထားပါတယ်။ ဒါ့အပြင်အဖွဲ့မှာ ပါဝင်တဲ့တစ်ဦးချင်းနဲ့ တွေ့ဆုံမေးမြန်းတာတွေကိုလည်း ရိုက်ကူးထုတ်လွှင့်မယ်လို့ သိရပါ တယ်။ မြန်မာ့ယဉ်ကျေးမှုအနုပညာကို အခုလို နိုင်ငံခြားရုပ်သံလိုင်းတစ်ခုမှာ ထုတ်လွှင့်ခွင့်ရမှာဖြစ်တဲ့ အတွက် ၀မ်းသာမိပါတယ်။ နိုင်ငံတကာက ခရီးသွားတွေလည်း ကြည့်ရှုခွင့်ရတာကြောင့် ပိုပြီးစိတ်ပါဝင်စားမှု ဖြစ်စေမယ်လို့ ထင်ပါတယ်။ အခုလက်ရှိလည်း နိုင်ငံတကာခရီးသွားတွေ ၀င်ရောက်မှုများလာတာနဲ့အတူ မြန်မာ့ယဉ်ကျေးမှုအနုပညာကို လာရောက်ကြည့်ရှုတာ၊ သင်ယူလေ့လာတာတွေ ပိုပြီးများလာပါတယ်” ဟု တစ်ခိုင်လုံးရွှေအဖွဲ့မှ မအေးအေးမြင့်က ဆိုသည်။

Bangkok International Wedding Fashion Show ကို မတ် ၃ ရက်မှ ၈ ရက် အထိ ပြုလုပ်နေခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အနုပညာအဖွဲ့ဖြစ်သည့် တစ်ခိုင်လုံးရွှေ အေးအေးမြင့်အဖွဲ့မှ မြန်မာအက၊ စောင်း၊ ပတ္တလား၊ ရုပ်သေးကပြဖျော်ဖြေမှုများဖြင့် တင်ဆက်နေခြင်းဖြစ်ကြောင်း သိရသည်။  
တစ်ခိုင်လုံးရွှေ အေးအေးမြင့်နှင့်အဖွဲ့သည် ဇန်န၀ါရီလအတွင်းကလည်း မလေးရှားနိုင်ငံ ကူချင်းမြို့တွင် သွားရောက်ဖျော်ဖြေခဲ့သည်။

Eleven Media Group

No comments:

Post a Comment