Monday, March 17, 2014

ရွှေစက်တော်ပွဲတော်မှ ဘုရားဖူးပြန်လာသည့် ကားတစ်စီးမှောက်၍ လူသုံးဦးသေ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း ရက်ပေါင်း ၇၀ ကျော်ကြာ ကျင်းပလျက်ရှိသည့် ရွှေစက်တော် ဘုရား ပွဲတော်မှ ဘုရားဖူးပြန်လာသည့် ကားတစ်စီး မင်းဘူး-ငဖဲကားလမ်း ဇီးအိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁/၄ ၌ မတ် ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က တိမ်းမှောက်၍ လူသုံးဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လေးပင်ကျေးရွာ နယ်မြေရဲစခန်းမှ အတည်ပြုပြောကြားသည်။

တောင်တွင်းကြီးမြို့နယ် ကနီကျေးရွာမှ ရွှေစက်တော်သို့ လာရောက်၍ အပြန်ခရီးတွင် ယာဉ်မောင်းဦးစန်းယု အသက် ၃၁ နှစ် မောင်းနှင်လာသော ဖောကားအပြာရောင်မှာ မင်းဘူး-ငဖဲကားလမ်း မိုင်တိုင်အမှတ် ၁၁/၄ အနီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသည့်ကားအား တိမ်းရှောင်စဉ် လမ်းဝဲဘက်သို့ တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း လေးပင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူများမှာ တောင်တွင်းကြီးမြို့နယ် ကနီကျေးရွာမှ ဦးသောင်းမြင့်သိန်း အသက် ၃၅ နှစ်၊ မသဇင်မ အသက် ၁၄ နှစ်နှင့် ဒေါ်ညို အသက် ၆၀ နှစ်တို့ဖြစ်ကြောင်း ဒဏ်ရာ ရရှိခဲ့သူများမှာ မင်းဘူးမြို့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း လေးပင်ကျေးရွာ ရဲစခန်းမှ သိရသည်။

“ရွှေစက်တော်သွားတဲ့လမ်းမှာ မင်းဘူးကနေ ဇီးပင်ကျေးရွာလွန်တာနဲ့ အကွေ့တွေ တောင်ဆင်းတောင် တက်တွေနဲ့ လမ်းကလည်း ကျဉ်းပါတယ် နယ်ကလာတဲ့ ဆိုင်ကယ်တွေကားတွေက လမ်းကြောကို မသိဘဲ အရှိန်နဲ့မောင်းကြတော့ တကယ်ရှောင်ရမယ့်အချိန်မှာ မရှောင်နိုင်ကြတော့တာပါ” ဟု မင်းဘူးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

မတ် ၁၅ ရက်ကဖြစ်ပွားခဲ့သည့် ယာဉ်မှောက်မှုအား မင်းဘူး (စကု)မြို့နယ် ရဲစခန်းမှ ယာဉ်(ပ) ၈/၂၀၁၄ ၊ ဥပဒေပုဒ်မ ၃၀၄-(က) ၃၃၇၊ ၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment