Monday, March 17, 2014

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ၌ မသန်စွမ်း အမျိုးသမီးများအား အကြမ်းဖက်မှုများမှာ ယခင်ထက် ပိုမိုမြင့်တက်လာကြောင်း သိရ

မြန်မာနိုင်ငံတွင် မသန်စွမ်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှာ ယခင်ထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း Women Right Active သိရသည်။

ထိုသို့ အကြမ်းဖက်ခံရမှုများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ အများဆုံးဖြစ်ပြီး ပဋိပက္ခနှင့် စစ်ဘေးဖြစ် ပွားနေသော ကျေးလက်ဒေသများတွင် အများဆုံး ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ကျေးလက်ဒေသမှာက အဲလိုမျိုး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းကလည်း မသိ၊ ကျေးလက်ဒေသမှာနေတော့ တိုင်ကြားမယ်ဆိုရင်တောင် အဆင့်ဆင့်ဆိုတော့ ငွေကြေးအင်အားကလည်း မတတ်နိုင်ဘူးလေ၊ အဲလိုမျိုး အခြေအနေကို တားဆီးဖို့ နည်းလမ်းကကျတော့ လူမှုအသိုက်အ၀န်းကနေ မသန်စွမ်းတွေကို ထည့်သွင်းစဉ်းစားပေးခြင်းက နည်းပါးနေသေးတာရယ်၊ နောက် တစ်ချက်က လူမှုအသိုက်အ၀န်းထဲမှာ သန်စွမ်းတဲ့ အမျိုးသမီးတွေရဲ့ အကြမ်းဖက်မှုကိုတောင် တလွဲတွေးနေ တဲ့ သူတွေ ရှိနေသေးတယ်ဆိုတော့ ကာကွယ်တားဆီးမှုကတော့ အခက်အခဲတွေ ရှိနေသေးတာပေါ့” ဟု Women Right Active မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မသန်စွမ်း အမျိုးသမီးပဲဖြစ်ဖြစ် သန်စွမ်းအမျိုးသမီးပဲဖြစ်ဖြစ် ကျေးလက်ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရရင် ပထမအချက်က အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေက ဘာတွေလဲ၊ အဲဒီအခွင့်အရေးတွေ ချိုးဖောက်လို့ မရဘူး။ ချိုးဖောက်ခံရရင် ဥပဒေအရ စော်ကားခြင်းဖြစ်တယ်ဆိုတာ သိအောင်လုပ်ဆောင်ဖို့ လိုတယ်။ ပြီးတော့ တိုင်ကြားနိုင်တဲ့နေရာတွေ ဖန်တီးပေးရမယ်။ တိုင်းပြည်မှာ လူ့အခွင့်အရေး ကော်မရှင် ရှိရဲ့သားနဲ့ တော်တော်များများ မတိုင်ကြားရဲကြဘူး။ အမျိုးသမီးတွေဆိုတော့ ပိုပြီးဆိုးတာပေါ့။ မသန်စွမ်းတဲ့သူလည်း သွားလာဖို့ အခက်အခဲရှိတော့ မတိုင်ကြဘူး။ အဲဒီတော့ သူတို့တိုင်ကြားနိုင်တဲ့ ယန္တရားတွေကို သူတို့အတွက် အဆင်ပြေမယ့် နည်းလမ်းတွေနဲ့ ဖန်တီးပေးရမယ်။ ပြီးရင် စစ်ဆေးပြီးတော့ အရေးယူသင့်ရင် တိတိကျကျ အရေးယူပေးရမှုတွေ ရှိရမယ်။ အခုက တိုင်းပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့ လွတ်နေတဲ့သူတွေ အများကြီး ရှိနေခြင်းကိုက နောက်ထပ် ကျုးလွန်မယ့်သူကို ထပ်ပြီးကျူးလွန်ဖို့ မြှောက်ပေးနေသလိုပါပဲ။ အဲဒါကြောင့် ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်” ဟု Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မသန်စွမ်း အမျိုးသမီးများမှာ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားသော ကဏ္ဍအသီးသီးတွင် ပါဝင်နိုင်ရန် အခွင့်အလမ်း မရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် လုပ်ခလစာ နည်းပါးခြင်းများ ကြုံတွေ့နေရသေးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment