Saturday, March 1, 2014

မြန်မာပြက္ခဒိန် ပြင်ဆင်ရန် လွှတ်တော်တင်

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှေးဟောင်း မြန်မာ့ရိုးရာ ပြက္ခဒိန်များ၏ လပြည့်ရက်များ တစ်ရက်ခန့် စော၍ လပြည့်နေ့ ဖြစ်နေခြင်းကို နေ့၊ လ၊ ရက် ပြောင်းလဲ ပြင်ဆင်ရန် အစိုးရ၊ မြန်မာနိုင်ငံ သံဃနာယက အဖွဲ့နှင့် မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေး အဖွဲ့တို့ ပူးပေါင်း ပြင်ဆင်ပေးရန် ရှိ မရှိ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက မေးမြန်းခဲ့သည်။


ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်း အဝေး တွင် ၎င်းက ယင်းသို့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မြန်မာပြက္ခဒိန်၏ လပြည့်ရက်သည် အခြားသော ဗုဒ္ဓဘာသာ နိုင်ငံများထက် တစ်ရက် စောနေသည်ကို ဝေဖန် ထောက်ပြခဲ့ခြင်းများ ရှိနေပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ နီပေါနှင့် အိန္ဒိယနိုင်ငံ တို့တွင် နှစ်စဉ် ကျင်းပ သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့သည် မြန်မာနိုင်ငံထက် တစ်ရက် နောက်ကျ နေသောကြောင့် မြန်မာ ပြက္ခဒိန်ကို ပြန်လည် ပြင်ဆင် နိုင်ခြင်း ရှိ မရှိကို ၎င်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မြန်မာပြက္ခဒိန်တွင် ၃၀ ရက် ရက်စုံ ခြောက်လနှင့် ၂၉ ရက် ရက်မစုံ ခြောက်လဖြင့် တစ်နှစ်လျှင် သာမန်အားဖြင့် ၃၅၄ ရက် ရှိနေပြီး တစ်နှစ်တွင် ၃၆၅ ရက် ပြည့်ရန် ၁၁ ရက် လိုနေသောကြောင့် သုံးနှစ်ပြည့်သည့် အချိန်တွင် ၃၃ ရက် လျော့နည်း နေသည်ကို ကြုံတွေ့ နေရကြောင်း သူရ ဦးအောင်ကိုက ပြောကြားသည်။

ထို့ကြောင့် ဝါဆိုလကို နှစ်လဖြင့် ဝါထပ်၍ ဝါဆိုလနှင့် ဝါခေါင်လများ အတွက် နှစ်ရက်တိုး သတ်မှတ်ပြီး ကျန်ရှိသော တစ်ရက်ကို နောက်နှစ်၏ ဝါခေါင်လတွင် ထပ်တိုးပေးခြင်း၊ ဝါငယ် ထပ်ရခြင်းတို့ကို တွေ့ရှိနေရကြောင်း ၎င်းကဆိုသည်။

ယင်းမေးခွန်းကို ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်စန္ဒာခင်က လပြည့်နေ့သည် မြန်မာ ပြက္ခဒိန်အရ တစ်ရက် နောက်ကျ နေသော်လည်း ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း ပြောကြားသွားသည်။

မြန်မာပြက္ခဒိန်တွင် တစ်နှစ်လျှင် ၃၆၅ ရက်၊ ၆ နာရီ ၁၂ မိနစ်၊ ၃၆ စက္ကန့် ရှိသောကြောင့် ၃၆၅ ရက် ကိုသာ ကြည့်လျှင် လပြည့်နေ့၌ လပြည့်ဝန်းမှာ ပြည့်ရန် လိုအပ်နေပြီး ကျန်ရှိသော ၆ နာရီ ၁၂ မိနစ် ၃၆ စက္ကန့်တိတိ အချိန်ကို စောင့်ကြည့်ပါက လပြည့်ခြင်းကို ပြည့်ဝစွာ တွေ့မြင်နိုင်မည် ဖြစ်ကြောင်း ဒေါ်စန္ဒာခင်က ဆိုသည်။

“လပြည့်ည ၁၂ နာရီမှာ နာရီ၊ မိနစ်၊ စက္ကန့် အနည်းငယ် ကွာခြားတာ ရှိနေပါတယ်” ဟု ဆိုသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်ရေးနှင့် လူမှုရေးရာ ကိစ္စရပ်များကို ရှေးအစဉ်အလာများ အတိုင်း ယုံကြည် လက်ခံထားပြီး ဖြစ်သောကြောင့် ပြင်ဆင်ရန် မသင့်သေးသည့် အထောက်အထား ကျမ်းကိုး စာရင်းများနှင့် အတူ မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ မိန့်ကြားထားကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာပြက္ခဒိန်ကို သဘာဝ လပြည့်၊ လကွယ်နှင့် အနီးဆုံး အချိန်နှင့် သဘာဝ ယုတ္တိကျရန် တွက်ချက်ပြီး သုံးနှစ် ကြိုတင် ရေးဆွဲထားရခြင်း ဖြစ်ပြီး ဝါထပ်၊ ရက်ငင်၊ နေကြတ်၊ လကြတ်၊ လပြည့်၊ လကွယ်များကို တိထီ လပြည့် လကွယ်များကို အခြေခံခြင်း၊ ဝေါဟာရ လပြည့် စန္ဒြမာသကို ကြည့်ရှုခြင်း၊ ဆိုလာနေ- သွား (ခရစ်နှစ်) သောရနှင့် လနှင့် လုပ်သော ပြက္ခဒိန် (လ-သွား) များကို ကြည့်ရှု ရေးဆွဲနေရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment