Monday, March 17, 2014

ရှမ်းပါတီ ပူးပေါင်းရေး တွေ့ဆုံမည့်ရက် ညှိနှိုင်းမရ

ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် နှစ်ဖက် ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့များ ပထမဆုံးအကြိမ် တွေ့ဆုံမည့် ရက်ကို ညှိနှိုင်း မရသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

နှစ်ပါတီ ပူးပေါင်းရေး ညှိနှိုင်းရန် မတ်လ ၁၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က အကြောင်းကြားစာ ပေးပို့ထားသော်လည်း SNLD ပါတီ ညီလာခံ ရှိသောကြောင့် နှစ်ဖက် တွေ့ဆုံမှုကို မတ်လ ၂၃ ရက်နေ့မှသာ ရှမ်းပြည်နယ်တွင် တွေ့ဆုံရန် အကြောင်းကြားစာ ပြန်လည် ပေးပို့ထားကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“နှစ်ပါတီ ပထမဆုံး တွေ့တာကို ရှမ်းပြည်နယ် အတွင်းမှာပဲ လုပ်ဖို့၊ ရှမ်းတိုင်းရင်းသားတွေ အားလုံးက လိုလားပါတယ်” ဟု ၎င်းကဆိုသည်။

နှစ်ပါတီ ညှိနှိုင်းရေး အဖွဲ့ဝင်များသည် လွှတ်တော် အစည်းအဝေး တက်ရောက်နေရသောကြောင့် နေပြည်တော်တွင် ပြုလုပ်ရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောကြားသည်။

“ကျွန်တော်တို့အတွက် လွှတ်တော်ထဲမှာ ဘတ်ဂျက်နဲ့ အခြေခံဥပဒေ ကိစ္စ ဆွေးနွေးဖို့ အရေးကြီးတဲ့ အချိန် ဖြစ်နေတယ်။ အဲဒါကြောင့် ခွင့်ယူလို့ အဆင်မပြေဘူးလေ” ဟု ၎င်းကဆိုသည်။

ရှမ်းနှစ်ပါတီ ပူးပေါင်းရန်အတွက် နှစ်ဖက် ပါတီများမှ ကိုယ်စားလှယ် ငါးဦးပါ ညှိနှိုင်းရေး ကော်မတီများကို ဖွဲ့စည်းထားကြောင်း၊ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၄၀ တွင် SNDP ပါတီ ရုံးခွဲများ ဖွင့်လှစ်ထားပြီး SNLD ပါတီကမူ မြို့နယ် ၃၀ ကျော်တွင် ပါတီ ရုံးခွဲများ ဖွင့်လှစ်ထားသည်။

လက်ရှိတွင် SNDP ပါတီသည် ပြည်ထောင်စု လွှတ်တော်ထဲမှာ လွှတ်တော် ကိုယ်စားလှယ် တတိယ အများဆုံး နေရာ ရထားသော ပါတီ ဖြစ်သည်။

ထို့အပြင် မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ သုံးရက်တိုင် ပြုလုပ်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ ညီလာခံတွင် နှစ်ပါတီ ပူးပေါင်းရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေးတို့ကို ဆုံးဖြတ်မည် ဖြစ်ကြောင်း SNLD ပါတီထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment