Wednesday, March 5, 2014

ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသ၌ သစ်များ အလုံးအရင်း ခိုးထုတ်ဟုဆို

ထိုင်း-မြန်မာ နယ်စပ်ရှိ တနင်္သာရီတိုင်း ဒေသကြီး အတွင်း မောတောင်ဒေသတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သစ်များ အလုံးအရင်း ခိုးထုတ်နေသည်ဟု မောတောင်ဒေသမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

သို့ရာတွင် ၎င်း၏ဖြေကြားချက်နှင့် ပတ်သက်၍ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက “သူက ကော့သောင်းကလာတာ။ တရားမဝင် တည်းခိုခန်း၊ အနှိပ်ခန်း၊ ဘန်ဂလိုတွေ ဖွင့်ထားတယ်။ အာဏာပိုင်တွေက တားဆီးလို့ မကျေနပ်ချက်လည်း ရှိချင်ရှိနိုင်တယ်။ သတင်းထောက် ယောင်ယောင် စ.ရ.ဖ သတင်းပေး ယောင်ယောင်လုပ်ပြီး ဒေသခံတွေ လုပ်ကိုင်စားနေတာကို ဓာတ်ပုံရိုက်ပြီး တိုင်တာတောတာတွေ လုပ်လို့ ဒေသခံတွေက သူ့တည်းခိုခန်းကို ဝိုင်းပြီး သူ့ကို ဝိုင်းရိုက်မယ် လုပ်နေတာ အာဏာပိုင်တွေ မနည်းဖြေရှင်း ပေးထားရတာ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ဘာပြဿနာမှ မရှိပါဘူး” ဟု ပြောကြားသည်။

အဆိုပါ သစ်များကို ထိုင်းနိုင်ငံမှ သစ်မှောင်ခို ဂိုဏ်းများနှင့် KNU အမည်နှင့် အစ္စလာမ် လက်နက်ကိုင် အဖွဲ့အစည်းက တရားမဝင် ခိုးထုတ်နေခြင်း ဖြစ်ပြီး ထိုင်းအာဏာပိုင်များနှင့် မြန်မာအာဏာပိုင်များက ဝင်ရောက် တားဆီးခြင်း မရှိကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောကြားသည်။
“သူတို့က တိုင်တဲ့သူတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတော့ အာဏာပိုင်တွေကလည်း ဒီအတိုင်း ထိုင်ကြည့်နေရတဲ့ သဘောပဲ။ သစ်ခိုးထုတ်ရင်တော့ မြန်မာဂိတ်ကိုရော ထိုင်းဂိတ်ကိုရော ဆက်ကြေးပေးရတယ်။ လူမျိုးခြား လက်နက်ကိုင်တွေကို တောထဲမှာ ရှိတဲ့ မှောင်ခိုသစ်စက်တွေက တစ်လ ဘတ်လေးထောင် ပေးရတယ်” ဟု ၎င်းကဆိုသည်။

ဒေသခံများကလည်း တနင်္သာရီတိုင်း သစ်တောကြိုးဝိုင်းထဲမှ သစ်များကို တစ်ဖက်နိုင်ငံသို့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ကားငယ်များဖြင့် တစ်ပိုင်တစ်နိုင် သယ်ယူကာ ဈေးပေါပေါဖြင့် ရောင်းချနေရာ တိုင်းပြည်အတွက် နစ်နာမှုများစွာ ရှိနေသည်ဟု ၎င်းကရှင်းပြသည်။

အထက်ပါ အခြေအနေများကို ဌာနဆိုင်ရာများသို့ တိုင်ကြားခဲ့သည့် ဒေသခံများမှာ အသက်အန္တရာယ်ပြုရန် လုပ်ကြံခံရသောကြောင့် ထွက်ပြေး လာခဲ့ရကြောင်း ၎င်းကဆိုသည်။

အဆိုပါ တရားမဝင် သစ်များကို ခိုးထုတ်နေသည်မှာ နှစ် ၂၀ ခန့်ရှိပြီ ဖြစ်ပြီး ဒေသခံများ ကိုယ်တိုင်က သူခိုးဈေးများဖြင့် ရောင်းချလျက် ရှိကြောင်း မြိတ်မြို့နယ်တွင် နေထိုင်သူ ဦးမောင်မောင်ကလည်း ဆိုသည်။
“ကိုယ့်မြန်မာတွေ ကိုယ်တိုင်က သူခိုးဈေးနဲ့ ရောင်းနေတာ။ သူခိုးဈေးနဲ့ ရောင်းမှတော့ ဘိန်းစားဖိုးပဲ ရမှာပေါ့။ နှစ်ပေါင်း ၂၀ ကျော်ပြီဆိုတော့ ကိုယ်နိုင်ငံ ဝင်ငွေ ဘယ်လောက် ဆုံးရှုံးသွားသလဲ စဉ်းစားသာကြည့်ပေါ့” ဟု ၎င်းကဆိုသည်။

မောတောင်ကျေးရွာကို မြို့နယ်အဖြစ် သတ်မှတ်ရန် လတ်တလော လုပ်ကိုင်နေပြီး ထိုဒေသတွင် သတင်းတပ်ဖွဲ့ (SB)၊ ဆ.ရ.ဖ၊ ရဲတပ်ဖွဲ့၊ နယ်စပ်ဒေသ ပူးပေါင်း စစ်ဆင်ရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူးရုံး၊ သစ်တောဦးစီးဌာန စသည့်အဖွဲ့အစည်းများ ရှိသည့်အတွက် ယင်းကဲ့သို့ တရားမဝင်သစ်များ အလုံးအရင်း ခိုးထုတ်နေမှုများမှာ မဖြစ်နိုင်ကြောင်း၊ သို့သော် ဒေသခံများ စားဝတ်နေရေးအရ ပရိဘောဂ ထုတ်လုပ်ရန် သစ်ပြားများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခွင့် ပြုထားကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment