Tuesday, March 11, 2014

ငွေကြေးခဝါချမှု ဥပဒေတွင် ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက်ပို့

အစိုးရက အရေးတကြီး အတည်ပြုပေးရန် လွှတ်တော်သို့ တောင်းဆို ထားသော ငွေကြေးခဝါချမှု တိုက် ဖျက်ရေး ဥပဒေကြမ်းတွင် ပါရှိသော ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘော ထား မှတ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်များက ပြောကြားသည်။ 

အဆိုပါ ဥပဒေကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ပြည်ထောင်စု လွှတ်တော်က သမ္မတရုံးသို့ ပေးပို့ခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးသို့ ပြစ်ဒဏ်အချို့ ပြင်ဆင်ရန်နှင့် ဥပဒေပုဒ်မ အချို့ကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ပြန်လည် ပြင်ဆင်ပေးရန် သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့လာခြင်း ဖြစ်သည်။ 

ယင်းဥပဒေကြမ်း၏ ပြစ်မှု ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဈ) ပါ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှား ပါက “အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အထက် ပြစ်ဒဏ်ထိုက်သည့် ကျူးလွန်ခြင်း” ကို အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ထိုက်သည့် ပြစ်ဒဏ် ကျူးလွန်ခြင်းဟု ပြင်ဆင်ရန် မှတ်ချက် ပြုထားကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၃၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲငယ် (၇)၊ ပုဒ်မခွဲငယ်စိတ် (ကက)/ ပုဒ်မ (၃)၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲငယ် (၁၂)/ ပုဒ်မ (၄)၊ ပုဒ်မခွဲ ((ဂ)၊ (ဃ)၊ (င)/ ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဈ)၊ ပုဒ်မ (၃၉)၊ (၄၀)၊ (၄၁)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၄၂ နှင့် အခန်း (၁၀) တို့ကိုလည်း နိုင်ငံတော် သမ္မတက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးအတွက် ပြင်ဆင် မှတ်ချက်ပြုထားကြောင်း ၎င်းကဆိုသည်။

“နိုင်ငံတော် သမ္မတရဲ့ မှတ်ချက်တွေအတိုင်း အတည်ပြုသင့်ပါတယ်” ဟု ဥပဒေကြမ်း ကော်မတီ အတွင်းရေး မှူး ဦးစောလှထွန်းက ဆိုသည်။

ထို့အပြင် ပုဒ်မ (၄၂) အခန်း ခေါင်းစဉ်ပါ “နိုင်ငံခြားငွေ စီမံခန့်ခွဲရေး ဌာနများ” ဟူသော စာသားကို “နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဌာန” ဟူသော အခန်းခေါင်းစဉ် ပြင်ဆင်ချက်ပါ ရှိကြောင်း ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ယင်းဥပဒေကြမ်းကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် FATF က အကြံပြုချက်များ ထည့်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံမှ သိရှိရသည်။ 

အဆိုပါ ဥပဒေကြမ်းပါ နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက် များကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စား လှယ် များ ရှိပါက မတ်လ ၁၂ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ကြေညာခဲ့သည်။

The Voice Weekly

No comments:

Post a Comment