Tuesday, March 11, 2014

ရွှေဖီလက်ဖက် စိုက်ပျိုးရာသီအတွင်း တိုက်ပွဲများ လျှော့ချမည်ဟု TNLA ထုတ်ပြန်

လက်ဖက်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေသော ပလောင်တိုင်းရင်း သား များ၏ ရွှေဖီလက်ဖက် ရာသီအတွင်း အစိုးရနှင့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများကို လျှော့ချသွားမည် ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

လက်ဖက်လုပ်ငန်းကို မှီခိုနေသူများ အားလုံး ရွှေဖီလက်ဖက် ရာသီတွင် စစ်မက် ဖြစ်ပွားမည့် အရေးကို ကြောက်ရွံ့မှု မရှိဘဲ ကိုယ်စိတ် လုံခြုံမှု ရှိစွာဖြင့် လက်ဖက်လုပ်ငန်းကို လွတ်လပ် အေးချမ်းစွာ လုပ်ကိုင်ကြရန် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။ 

တအာင်း တပ်ဖွဲ့ဝင်များကို ယင်းကာလ အတွင်း လက်ဖက်လုပ်ငန်း လုပ်ကိုင်သည့် ဒေသများတွင် သွားလာလှုပ်ရှားခြင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းများ အတတ်နိုင်ဆုံး ရှောင်ရှားကြရန် ညွှန်ကြားထားကြောင်း TNLA စစ်ဦးစီးမှူး အဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။

“စစ်ဖြစ်နေပေမယ့် လူထုအပေါ်မှာ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်လို့ ညွှန်ကြားချက် တွေကို အောက်ခြေ အဆင့်အထိ ထုတ်ပြန်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ရွှေဖီလက်ဖက် ရာသီမှာ မတ်လကုန်မှ ဧပြီလအထိ ဖြစ်ပြီး ပလောင် တိုင်းရင်းသားများ အဓိက မှီခိုနေ ရသော လုပ်ငန်း ဖြစ်သဖြင့် တိုက်ပွဲများ လျှော့ချပြီး နယ်မြေ ငြိမ်သက်မှု ဖြစ်ရန် လိုအပ်ကြောင်း ရှမ်းပြည် နယ် မြောက်ပိုင်း မူဆယ်မြို့နယ် တအာင်းအမျိုးသမီး လူငယ်အဖွဲ့ဝင် ဒေါ်လွေးမိုးခမ်းက ပြောကြားသည်။

“တစ်နှစ်လုံးစာ နေထိုင်စားသောက်ဖို့ အတွက် ရှာရတဲ့ အချိန်လည်း ဖြစ်တယ်။ လက်ဖက်နုတဲ့ အချိန်၊ လက်ဖက်ခူးတဲ့ အချိန်ဆိုတော့ အန္တရာယ် ကင်းကင်းနဲ့ အလုပ် လုပ်ချင်ကြပါတယ်။ တိုက်ပွဲ လျှော့ချဖို့ ဆိုတာကတော့ နှစ်ဖက်စလုံးက နားလည်မှု ရှိမှ ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။
ယင်းသို့ တိုက်ပွဲများ လျှော့ချရေးအတွက် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် TNLA မှ တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center မှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

“အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးတော့ ထိတွေ့မှု လျှော့ချနိုင်မလား ဆိုရင် လုံခြုံရေး လုပ်နေတဲ့ တပ်မတော်ရဲ့ သဘောအပေါ်မှာပဲ မူတည်ပါတယ်” ဟု ၎င်းကဆိုသည်။

လက်ဖက် ရာသီအတွင်း တိုက်ပွဲများ လျှော့ချရေးကို အလေးထား ဆောင်ရွက်မည်ဟု ဆိုသော်လည်း ၂၀၁၄ ခုနှစ် နှစ်လကျော် ကာလအတွင်း နှစ်ဖက်ထိတွေ့မှု အကြိမ် ၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံမှ သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ် အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSlF/TNLA) တို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။

The Voice Weekly

No comments:

Post a Comment