Wednesday, March 19, 2014

ရန်ကုန်မြို့တွင် နေထိုင်သူများ၏ ရာခိုင်နှုန်း ၃၀ မှာ စံမမီသည့် အိမ်ရာများနှင့် ကျူးကျော်နေထိုင်သူများဖြစ်ရာ ၎င်းတို့အား အဆင့်မြှင့်တင်ပေးရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ရန်ကုန်မြို့တွင် လက်ရှိနေထိုင်သူများ၏ ရာခိုင်နှုန်း ၃၀ မှာ စံမမီသည့် အိမ်ရာများနှင့် ကျူးကျော်နေထိုင်နေသူများ ဖြစ်သည့်အတွက် ၎င်းတို့အား အဆင့်မြှင့်တင်ပေးရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း မတ် ၁၈ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပသည့် Myanmar Infrastructure Summit မှရရှိသော သတင်းများအရ သိရသည်။
“မြန်မာနိုင်ငံမှာ မြို့ပြရွှေ့ပြောင်းလာမှုတွေ များလာတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ လူဦးရေဟာလည်း များပြားလာပါတယ်။ ဒါကြောင့်မို့လို့ အိမ်ရာဝန်ဆောင်မှု လုပ်ငန်းတွေလည်း အများကြီး လိုအပ်နေပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ဆိုသည်။
လက်ရှိအချိန်၌ အဓိကမြို့ကြီးသုံးမြို့၏ လူဦးရေ မြင့်တက်လာကြောင်းနှင့် ရန်ကုန်မြို့၏ ခန့်မှန်းလူဦးရေ ခြောက်သန်း၊ မန္တလေးမြို့၏ လူဦးရေ ၁ ဒသမ ၅ သန်းနှင့် နေပြည်တော်၏ ခန့်မှန်းလူဦးရေ တစ်သန်းဝန်းကျင်ရှိကြောင်း သိရသည်။
“တိုးပွားလာတဲ့ လူဦးရေပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အစိုးရအနေနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ဖော်ဆောင်နေပါတယ်။ တိုးပွားလာတဲ့ လူဦးရေကြောင့် ရန်ကုန်မြို့ရဲ့ ရာခိုင်နှုန်း ၃၀ သော လူတွေဟာ စံမမီတဲ့ အိမ်ရာတွေနဲ့ ကျူးကျော်တွေမှာ နေထိုင်တဲ့သူတွေ ဖြစ်နေပါတယ်။ ၂၀၀၅ ခုနှစ်လောက်ကနေ ၂၀၁၀ ပြည့်နှစ်ကြားမှာ တန်ဖိုးနည်းအိမ်ခန်းပေါင်း ၃၆၀၀၀ ဆောက်လုပ်ပေးခဲ့တဲ့အတွက် ပျမ်းမျှအားဖြင့် တစ်နှစ်ကို အခန်းပေါင်း ၇၂၀၀ ပဲ ပေးနိုင်ပါတယ်။ အမှန်တကယ် လိုအပ်ချက်ကတော့ အဲဒီပမာဏရဲ့ ၃ ဒသမ ၅ ဆလောက် ရှိပါတယ်။ အဲဒီအထဲမှာမှ အစိုးရအနေ အကောင်အထည်ဖော်နေတာက ရာခိုင်နှုန်း ၃၀ လောက်ပဲရှိပြီး ကျန်တဲ့ရာခိုင်နှုန်း ၇၀ ကိုတော့ ပုဂ္ဂလိကကဏ္ဍက ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ပြည်ပကုမ္ပဏီတွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ဒေါ်အေးအေးမြင့်က ပြောကြားသည်။
လက်ရှိအချိန်တွင် အစိုးရအနေဖြင့် Housing Financing Mechanism နှင့် Legal Framework ပိုင်းနှင့် ပတ်သက်၍ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ယင်းကဲ့သို့ စံမမီအိမ်ရာများဖြင့် နေရခြင်းမှာ အိမ်ရာအဆောက်အအုံနှင့် တိုက်ခန်းဈေးနှုန်းများ အဆမတန် မြင့်တက်နေရာ ၀င်ငွေနည်း ပြည်သူများအတွက် အတားအဆီး ဖြစ်နေကြောင်း သိရသည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဖော်ဆောင်မည့် စီမံကိန်းရှိနေပြီး ယင်းစီမံကိန်းအရ မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းခုနစ်ခု စုစုပေါင်း အခန်း ၁၁၈၆၈ ခန်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းခုနစ်ခု ၂၆၁၄၂ ခန်း၊ PPP စနစ်ဖြင့် ဖော်ဆောင်မည့် စီမံကိန်းနှစ်ခု၊ အခြားသော PPP စနစ်ဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်း ၃၇ ခုရှိကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တန်ဖိုးမျှတ အိမ်ခန်းပေါင်း ၄၂၂၄ ခန်းနှင့် PPP စနစ်ဖြင့် အခန်းပေါင်း ၁၉၁၇ ခန်း စုစုပေါင်း ၆၁၄၁ ခန်းရှိကြောင်း သိရသည်။
ယင်းကဲ့သို့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ဖော်ဆောင်နေသည် ဆိုသော်လည်း ထိုအိမ်ရာ စီမံကိန်းများ၏ တန်ဖိုးမှာ သာမန်လူများ လက်လှမ်းမမီနိုင်သည့်ပမာဏ ဖြစ်နေသည့်အတွက် ရန်ကုန်မြို့ရှိ လူလတ်တန်းစားများကိုယ်တိုင် အိုးပိုင်အိမ်ပိုင်နှင့် ဖြစ်လာနိုင်ရန် ခဲယဉ်းလာသည့်အတွက် အစိုးရအနေဖြင့်လည်း လေးလေးနက်နက် ကိုင်တွယ်ရန် လိုအပ်လာကြောင်း၊ အချို့နိုင်ငံများတွင် Housing နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲလာကြကြောင်း၊ ကမ္ဘာပေါ်တွင် Housing ကို ဦးစားပေး၍ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲသည့် နိုင်ငံ ၅၆ နိုင်ငံရှိနေကြောင်း၊ လက်ရှိအခြေအနေ၌ မြို့ပြသို့ ရွှေ့ပြောင်းနေထိုင်မှုများသည် မြန်မာနိုင်ငံအတွက် ကြီးမားသည့်ပြဿနာများ ရှိလာနိုင်ကြောင်း၊ အလားတူ Urban Unequality မှ Social unrest ဖြစ်လာနိုင်သည့် အခြေအနေ ရှိနိုင်ကြောင်း၊ ယင်းပြဿနာများ ဖြေရှင်းနိုင်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးမှုများကိုလည်း ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန် လိုအပ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားသည်။

(ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း နေထိုင်ကြသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

No comments:

Post a Comment