Wednesday, March 19, 2014

အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် ပြန်ပေးဆွဲခံရသော တပ်မတော်သားများ၏ပုံမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ ပြောကြား

အင်တာနက် လူမှုကွန်ရက်များနှင့် အွန်လိုင်းစာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် တပ်မတော်သားသုံးဦး၏ပုံမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက The Daily Eleven သတင်းစာသို့ ပြန်လည်ဖြေကြားသည်။
၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်နေသော တပ်မတော်ဆောက်လုပ်ရေးတပ်မှ စစ်သည်သုံးဦး၏ပုံဟုဆိုကာ နာမည်နှင့်ရာထူး၊ မိခင်တပ်ရင်းများ ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည့်
တပ်မတော်သားသုံးဦး၏ပုံကို တူရကီ ဘာသာစကားဖြင့် တူရကီသတင်းဌာန INCA NEWS က စတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ တူရကီသတင်းဌာန၏ ဖော်ပြချက်ကို အွန်လိုင်းသတင်းမီဒီယာများနှင့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူ ဖော်ပြနေကြခြင်းဖြစ်သည်။
အဆိုပါ ပြန်ပေးဆွဲခံရသည့် တပ်မတော်သားသုံးဦးပုံများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာက သမ္မတရုံးသို့ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါဓာတ်ပုံများမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်းနှင့် ထိုအချိန်က ပြန်လည်ကယ်တင်ရန် လိုက်သွားသော်လည်း မမီလိုက်ကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။
“ဒီပုံက ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ကိစ္စကို ရိုက်ထားတာပါ။ ဒါကို ဘာဖြစ်လို့ အခုမှ ပြန်ဖော်ပြန်ဖွရသလဲဆိုတာ စဉ်းစားစရာပါ။ အဲဒီတုန်းက နယ်စပ်စည်းရိုးသွားပြီး ခတ်တဲ့ GE တပ်က စစ်သည်တစ်ဦးနဲ့ အရပ်သားအမှုထမ်း နှစ်ဦးကို RSO တွေ ဖမ်းသွားခဲ့တဲ့ ဖြစ်ရပ်ပါ။ ဒီတုန်းက တပ်ကအဖွဲ့တွေ လိုက်သွားခဲ့ပေမယ့် မမီလိုက်ပါဘူး” ဟု အဆိုပါ အကြီးတန်းအရာရှိက ပြောကြားသည်။
အဆိုပါ တပ်မတော်သားသုံးဦးအား ပြန်ပေးဆွဲသွားသည့် အဖွဲ့မှာ RSO (Rohingya Solidarity Organization) အကြမ်းဖက်အဖွဲ့ ဖြစ်နေသောကြောင့် အဆိုပါကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် တစ်ဖက်အိမ်နီးချင်းနိုင်ငံ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိက ဆက်လက်ပြောဆိုသည်။
“ဒါက နယ်စပ်လုံခြုံရေး ဆိုတာထက် ပိုပြီးလေးနက်တဲ့ဖြစ်စဉ် ဖြစ်နေပါတယ်။ RSO လို့ ယူဆထားတဲ့အချက်က သတိပြုစရာပါ။ နယ်စပ်စည်းရိုးကျော်လွန်တဲ့ ကိစ္စမှာ တစ်ဖက်အိမ်နီးချင်း နိုင်ငံကလည်း ပူးပေါင်းဆောင်ရွက်မှုရရှိဖို့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်မြေထဲမှာ မြန်မာနိုင်ငံကို ထိခိုက်နစ်နာစေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ တည်ရှိနေခြင်းဟာ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ နယ်စပ်လုံခြုံရေးကိုပါ ထိခိုက်စေပါတယ်” ဟု ၎င်းကပြောကြားသည်။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ခြံစည်းရိုးဆောက်လုပ်နေသည့် မြန်မာအင်ဂျင်နီယာတပ်မှ တပ်မတော်သားသုံးဦး အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏ ပြန်ပေးဆွဲခံခဲ့ရပြီး ယခုထက်တိုင် ပျောက်ဆုံးလျက်ရှိသောကြောင့် အဆိုပါ ပြန်ပေးဆွဲခံခဲ့ရမှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် လုံလောက်သည့် အရေးယူဆောင်ရွက်မှုများ မပြုလုပ်ခဲ့ဟူသော ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လျက်ရှိနေသည်။
“ရာထူးကြီးတဲ့သူတွေ အခွင့်အရေးကို အစွမ်းကုန် ရယူနေကြချိန်မှာ အောက်ခြေစစ်သားတွေခမျာတော့ ဖြစ်ချင်ရာဖြစ် ပစ်ထားခံနေရတာ ၀မ်းနည်းစရာပဲ” ဟု အဆိုပါဓာတ်ပုံများ ဖော်ပြထားသည့် လူမှုကွန်ရက် သတင်းစာမျက်နှာတစ်ခုတွင် သုံးစွဲသူတစ်ဦးက မှတ်ချက်ပေးခဲ့သည်။
ထိုသို့ ဝေဖန်မှုများ ရှိနေသည့်အတွက်ကြောင့် အဆိုပါတပ်သားများ ပြန်ပေးဆွဲခံရမှုတွင် အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ The Daily Eleven က ဆက်သွယ်မေးမြန်းရာတွင် ပြန်ပေးဆွဲမှုဖြစ်ဖြစ်ချင်း တပ်မတော်အနေနှင့် လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ နယ်ခြားပူးပေါင်းဆောင်ရွက်ရေး ကော်မတီချင်း ပူးပေါင်းရှာဖွေမှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်းအစအန ပျောက်သွားခဲ့ကြောင်း၊ သတ်မှတ်ကာလ ပြည့်သွားချိန်တွင် အဆိုပါတပ်မတော်သားများ သေဆုံးသွားပြီဟု ယူဆခဲ့ပါကြောင်း အဆိုပါ သမ္မတရုံးအကြီးတန်း အရာရှိကပင် ဆက်လက်ဖြေကြားသည်။ ဖြစ်စဉ်ပုံပါ အနေအထားများအရ မြန်မာနိုင်ငံ မဟုတ်သည်မှာ သေချာသော်လည်း မည်သည့်နိုင်ငံဖြစ်ကြောင်းကိုမူ ပြောရခက်ကြောင်းနှင့် ယခုလို ဖြစ်စဉ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အပြည့်အ၀ရှိမှသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

Eleven Media Group
(တူရကီသတင်းဌာန INCA NEWS က ဖော်ပြခဲ့ပြီး အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည့် သတင်းနှင့်ဓာတ်ပုံ)

No comments:

Post a Comment