Friday, March 14, 2014

အမျိုးသမီးအများစုလုပ်ကိုင်သည့် အလုပ်ရုံများ အချိန်ပိုကြေးအပေါ် မှီခိုသည့် အခြေအနေပြောင်းလဲရန်လို

Photo: အမျိုးသမီးအများစုလုပ်ကိုင်သည့် အလုပ်ရုံများ အချိန်ပိုကြေးအပေါ် မှီခိုသည့် အခြေအနေပြောင်းလဲရန်လို
Firday, March 14, 201

အမျိုးသမီးအများစု ပါဝင်သည့် စက်ရုံအလုပ်ရုံ ၀န်ထမ်းများ၏ အခြေခံလစာ သတ်မှတ်ချက်မှာ တစ်နေ့လျှင် ကျပ် ၁၀၀၀ ကျော်သူသာရှိပြီး အများစုမှာ လစာထက် အချိန်ပိုကြေးအပေါ် မှီခိုအားထား နေရသည့်အတွက် ယင်းအခြေအနေအား ပြုပြင်ပြောင်းလဲနိုင်မှသာလျှင် အမျိုးသမီး ၀န်ထမ်းထုအတွက် ပိုမိုအဆင်ပြေသည့် လုပ်ငန်းခွင် ဖြစ်ပေါ်လာမည်ဖြစ်သည်ဟု မတ် ၁၀ ရက်တွင် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFN)မှ အထွေထွေအတွင်းရေးမှူး ဦးဇာနည်သွေး က မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံတကာတွင် တစ်နေ့လျှင် ၈ နာရီ၊ တစ်ပတ်လျှင် နာရီ ၆၀ အလုပ်လုပ်ရခြင်းဖြစ်၍ အချိန်ပိုကြေးသည် မူလလုပ်ခ လစာထက် ၂ဆ ပိုပေးလျက် ရှိသော်လည်း ယခုလက်ရှိ မြန်မာနိုင်ငံတွင် အခြေခံ လစာ သတ်မှတ်မှုနှုန်း မရှိသေးသည့် အတွက် စက်ရုံအလုပ်ရုံ ၀န်ထမ်းများသည် ၎င်းတို့ရရှိသော အချိန် ပိုကြေးကိုသာ အားကိုး၍ အလုပ် လုပ်ကိုင်ရခြင်းဖြစ်သည်ဟု ၎င်းက ထပ်မံပြောသည်။

““အခြေခံလုပ်အားခပေးတာ နည်းတာက ရှင်းရှင်းပြောရင် OT ကြေးကို နှိမ်ပေးချင်လို့၊ OT ကြေး ဆိုတာ မူရင်းလုပ်အားခထက် ၂ ဆပေးရမှာ။ မူရင်းလုပ်အားခ နှိမ်ထားရင် OT ကြေးက ၂ ဆပေး ရမှာပဲ။ OT မဆင်းရင် သေပြီဆိုတဲ့ဘ၀ ရောက်သွားရော။ တချို့ဆို အခြေခံလစာကို ၁၅၀၀၀ ခွဲပေးထားတယ်။ ပြီးမှ ရက်မှန်ကြေး ဘောနပ်စ် ဆိုပြီး ထပ်ပေးတယ်။ ရက်မမှန်ရင်တော့ မပေးဘူးပေါ့။ နိုင်ငံတကာ စံချိန်မှာဆို ၃ လပြည့်ရင် တရားဝင်ဝန်ထမ်း အဖြစ်သွားမယ်။ ဒါဆို အားလပ်ရက် လုပ်အားခ ခံစားခွင့် ရှိသွားတယ်။ လူမှုဖူလုံရေး လုပ်အားခ ခံစားခွင့် ရသွားတယ်။ ဒါဆို အလုပ်သမားတွေဘ၀ တိုးတက်လာမယ်”ဟု ဦးဇာနည်သွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အထည်ချုပ်စက်ရုံရှိ အထည်ချုပ် ၀န်ထမ်းတစ်ဦး၏ အခြေခံ တစ်လ၀င်ငွေမှာ ကျပ် ၃၀၀၀၀ ခန့်ရှိပြီး ကျွမ်းကျင်ကြေးမှာ ကျပ် ၂၀၀၀၀ ဖြစ်၍ အချိန်ပိုကြေးမှာ ၁၁၉၀၀ ဖြစ်ကာ လစာအပြင် အပိုထပ်ပေးသည့် ရက်မှန်ကြေး ဆုငွေမှာ ၁၅၀၀၀ ဖြစ်သည်။

အလုပ်တစ်ရက်ပျက်လျှင် လစာအပြင် အပိုထပ်ဆောင်းငွေများကိုပါ ဖြတ်သောကြောင့် ရက်အပြည့် လုပ်ပေးရခြင်း ဖြစ်သည်ဟု ဟာကျူရီ အထည်ချုပ်စက်ရုံမှ မဇာဇာတင်က““တစ်ရက်ပျက်ရင် ၂၀၀၀ ဖြတ်တယ်။ လစာအပြင် OT ကြေးရော ဘောနပ်စ်ရောပေါ့။ မိသားစုဝင်က ၅ ယောက်လောက် ရှိတယ်။ အောက်မှာ ကလေးတွေချည်းပဲ။ အလုပ်လုပ်တာက အစ်မ တစ်ယောက်ပဲရှိတယ်။ အကျပ် အတည်းဖြစ်တဲ့ အချိန်ဆို ခွင့်လည်း မရဘူးဆိုတော့ အဆင်မပြေဘူး။ အစ်မက အခုအလုပ်လုပ်တာ ၄ နှစ်ရှိပြီ။ ခွင့်တစ်ရက်မှ မယူဘူး။ လစာအပြင် OT ကြေးတွေ၊ ဘောနပ်စ်တွေရနေလို့ နည်းနည်း အဆင်ပြေတာ””ဟု ပြောသည်။

မတ် ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထောက်ကြံ့ သပြေညို ခန်းမတွင် အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်၍ ကြွေးကြော်သံ ၅ ရပ် ဖြစ်သည့် အမျိုးသမီးများကို လုပ်ငန်းခွင်မှာ တန်းတူ ညီမျှမှု ရရှိရေး၊ လိင်ဆိုင်ရာအကြမ်းဖက်စော်ကားမှု မှန်သမျှကို ချက်ချင်းရပ်ဆိုင်းပစ်ရန်၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခွင့်နှင့် မိခင်ဆိုင်ရာ အခွင့်အရေး အပြည့်အ၀ ရရှိဖို့ရန်၊ ဆိုးရွားသည့် လုပ်ငန်းခွင် ရပ်ဆိုင်းရန် စသည်တို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ အမျိုးသမီးများ ဆုံးရှုံးနစ်နာမည့် အခွင့်အရေးများ မရှိစေရန် အမျိုးသမီး အခန်းကဏ္ဍကို မြှင့်တင်ပေးသည့် ကဏ္ဍတစ်ရပ် အနေနှင့် ဆောင်ရွက်ခဲ့သည်။

လုပ်အားရှင်စုစုပေါင်း ၂၂ သန်းတွင် ၇ သန်းသည် အမျိုးသမီးများဖြစ်၍ ကျန် ၁၅ သန်းမှာ အမျိုးသားများ ဖြစ်ကြသည်ဟု AFFN အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် အလုပ်သမား လုပ်ခလစာ နည်းပါးမှုကြောင့် ဆန္ဒပြတောင်းဆိုမှုများ ၂၀၀ ကျော်ခန့်ရှိခဲ့ပြီး ခုံသမာဓိကောင်စီမှ အမှုပေါင်း ၅၆ ခုကို ဖြေရှင်းနိုင်ခဲ့ကာ အဖွဲ့ပေါင်း ၁၀၆ ဖွဲ့ကို နေပြည်တော် အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင်လည်း အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရန် နေပြည်တော်တွင် အလုပ်သမား ၀န်ကြီးဌာနမှ ပညာရှင်များနှင့် အဖွဲ့အစည်းများ စုပေါင်း၍ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပခဲ့ပြီး ၎င်း အစည်းအဝေးတွင် တစ်အိမ်ထောင်စု လူ ၃ ဦးကို အလုပ်လုပ်ကိုင်နိုင်သူဟု သတ်မှတ်ပြီး လူတစ်ဦးစီ၏ အနိမ့်ဆုံး ရရှိနိုင်မည့် တစ်လ၀င်ငွေမှာ ၇၀၀၀၀ အဖြစ် သတ်မှတ်ရန် လျာထားသော်လည်း အလုပ်သမား အဖွဲ့အစည်းများကြား အငြင်းပွားလျက်ရှိသည်။

အေးမိုးကိုကို
Myanmartandawsint Newspaper

No comments:

Post a Comment