Thursday, April 3, 2014

မြန်မာ့ငွေကြေးဖောင်းပွမှု ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမည်ဟု ADB ခန့်မှန်း



ယခုနှစ်အတွက် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၆ ဒသမ ၆ ရာခိုင်နှုန်း ဝန်းကျင် ရှိနေမည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်သည့် "Asian Development Outlook 2014: Fiscal Policy for Inclusive Growth" အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာတွင် အစိုးရကဏ္ဍ လစာငွေ တိုးမြှင့်မှု၊ မီတာခတိုးမြှင့်မှုနှင့် မြို့ကြီးများတွင် အိမ်ခြံမြေ ဈေးနှုန်း များ မြင့်တက်လာမှုများ ရှိနေခြင်းမှာ ငွေကြေးဖောင်းပွမှု အတွက် စိုးရိမ်ဖွယ် ဖြစ်သော် လည်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ပမာဏသည် ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့်
၂၀၁၅တွင် ၆ ဒသမ ၉ ရာခိုင်နှုန်းခန့်သာ ရှိမည်ဟု ADB က ခန့်မှန်းထားသည်။
ပြီးခဲ့သော နှစ်များအတွင်း နိုင်ငံတကာ ကြွေးမြီများကို လျှော့ချနိုင်ခဲ့ခြင်းသည် ငွေကြေးဖောင်းပွမှု ဖြစ်စေသည့် ဖိအားများကို တည်ငြိမ်လာစေရန် အထောက်အကူ ဖြစ်စေသည့် အပြင် ပို့ကုန် ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ခြင်း၊ နိုင်ငံခြားငွေ လဲနှုန်းကို အရှင်ဖြစ်စေရန် ဖြေလျှော့ပေးခြင်း များ ဆောင်ရွက်ခဲ့မှုကြောင့်လည်း ငွေကြေးဖောင်းပွမှု နှုန်းကို သက်ရောက်မှု ရှိကြောင်း ADB က ဆိုသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကမူ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ပမာဏမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်းအထိ ရှိနိုင်ပြီး GDP မှာ ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ငွေကြေးဖောင်းပွမှု ၄ မှ ၅ ရာခိုင်နှုန်းအထိ ရှိပါက တည်ငြိမ်သည်ဟု ဆိုနိုင်ပြီး စီးပွားရေး နှေးကွေး ပါက ငွေကြေးဖောင်းပွမှု တက်အောင် လုပ်ရလေ့ရှိကြောင်း မြန်မာ့ဖွံ့ဖြိုးမှု အရင်းအမြစ်အဖွဲ့ (MDRI) မှ ဒေါက်တာတင်မောင်သန်းက ပြောကြားသည်။
“ပြည်တွင်းမှာလည်း Inflationary Policy (ငွေကြေးဖောင်းပွအောင် လုပ်ဆောင်သော မူဝါဒ) သုံးဖို့အတွက် တစ်ချို့က အကြံပြုထားတာတွေ ရှိတယ်။ အလုပ် ဖြစ်၊ မဖြစ် ငြင်းခုံနေကြတာလည်း ရှိတယ်” ဟု ၎င်းကဆိုသည်။
ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက် ဆောင်ရွက်နိုင်ခဲ့ပြီး အစိုးရ၏ အလွှာတိုင်းတွင် အခြေခံမူဝါဒနှင့် အရည်အသွေး မြှင့်တင်မှုများ ပြုလုပ်နိုင်ခဲ့သည့် အပြင် လျှပ်စစ်ဓာတ်အား အပါအဝင် အခြေခံ အဆောက်အဦ ထောက်ပံ့မှု တိုးချဲ့နိုင်ခဲ့သောကြောင့် တိုင်းပြည်အပေါ် စီးပွားရေး လုပ်ငန်းရှင်များက ပိုမိုယုံကြည်စိတ်ချလာကြကြောင်း ADB က ဆိုသည်။
သို့သော် အစိုးရအနေနှင့် အရန်ငွေကြေးတိုးတက်အောင် ဆောင်ရွက်ပြီး ငွေလဲလှယ်နှုန်းအပေါ် အလွန် အာရုံစိုက်နေခြင်းကို လျှော့ချသင့်ကြောင်းနှင့် ဗဟိုဘဏ်ကလည်း လက်ရှိ အနေအထားအပေါ်တွင် ကောင်း မွန်စွာ ထိန်းကျောင်းနိုင်မှသာ ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း IMF က ဆိုသည်။
ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားချက် အရ နိုင်ငံတော် ပိုင်ဆိုင်ထားသည့် ရွှေပမာဏ ၁၅၃၃ တန်နှင့် နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှု ပမာဏ ၈ ဒသမ ၁၃ ဘီလီယံခန့် ရှိသည်။
နိုင်ငံခြားသုံး သီးသန့်ငွေကို ဗဟိုဘဏ်နှင့် နိုင်ငံတော်ဘဏ်များတွင် ငွေသားအဖြစ် ထိန်းသိမ်း ထားပြီး ပြည်ပရှိ ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ဘဏ်များတွင် ငွေစာရင်း ဖွင့်လှစ်ထားသည်။

The Voice

No comments:

Post a Comment