Monday, April 28, 2014

စည်းကမ်းမဲ့ ခရီးသည်တင် ယာဉ်များကို အရေးယူရန် တာဝန်ရှိသူများအား ညွှန်ကြားသွားမည်




Monday, April 28, 2014
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ခရီးသည်တင် ယာဉ်များနှင့် ခရီးသွား ပြည်သူများကို ရိုင်းပျစွာ ဆက်ဆံသော ခရီးသည်တင် ယာဉ်လုပ်သားများကို ထိရောက်စွာ အရေးယူရန်သက်ဆိုင်ရာ ယာဉ်လိုင်း တာဝန်ရှိသူများအား ညွှန်ကြားသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေးကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်ထံမှ သိရသည်။ ယာဉ်လုပ်သားက ခရီးသွား ပြည်သူများအပေါ် ယာဉ်စီးခ ပိုမိုတောင်းခံသော ဖြစ်စဉ်မှာ မ-ထ-သ (ဗဟို)သို့ တိုင်ကြားသော ဖြစ်စဉ်များအနက် အများဆုံး ဖြစ်စဉ်ဖြစ်ပြီး ယာဉ်လုပ်သားများက ခရီးသွား ပြည်သူများ အပေါ် ရိုင်းပျစွာ ပြောဆိုဆက်ဆံသော ဖြစ်စဉ်များလည်း ရှိနေသေးကြောင်း မ-ထ-သ (ဗဟို) မှ သိရသည်။ ထို့အပြင် တချို့သော ခရီးသည်တင် ယာဉ်များမှာ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ ရပ်နားခြင်း၊ မှတ်တိုင် နေရာမဟုတ်ဘဲ လမ်းပိတ်ရပ်နားခြင်း စသည့် ဖြစ်စဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး သတ်မှတ် လမ်းကြောင်းအတိုင်း မမောင်းနှင်ခြင်းနှင့် လမ်းပြောင်းပြန် မောင်းနှင်ခြင်း စသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ခရီးသွား ပြည်သူများ သွားလာရေး ပိုမို အဆင်ပြေစေရေး တို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ခရီးသည်တင် ယာဉ်လုပ်သားများကို အရေးယူရန် သက်ဆိုင်ရာ ယာဉ်လိုင်း တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment