Tuesday, April 22, 2014

တရားရေးမဏ္ဍိုင်ကြောင့် ပြည်သူများနစ်နာမှု ပိုမိုဆိုးရွားလာ၍ လွှတ်တော်ကိုယ်စားလှယ်များ လာမည့်လွှတ်တော်တွင် မေးခွန်းနှင့်အဆိုများ တင်သွင်းမည်

တရားရေးမဏ္ဍိုင်ကြောင့် ပြည်သူများနစ်နာမှု ပိုမိုဆိုးရွားလာ၍ လာမည့်လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များသည် တရားရေးနှင့်ပတ်သက်သည့် မေးခွန်းနှင့်အဆိုများ တင်သွင်း ကြမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က "လောလောဆယ်မှာ တရားစီရင်ရေးကဏ္ဍနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင်ဆောင်ရွက်သွားဖို့ရှိပါတယ်။ လတ်တလောမှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေအကာအကွယ်မရဘဲ နစ်နာရတဲ့ကိစ္စတွေ ပိုမိုဆိုးရွားလာတယ်တယ်။ အဲဒီအတွက် တိုင်စာတွေလည်း ကျွန်တော်တို့ပါတီကို အများကြီးရောက်တယ်။ အခုလက်ရှိ
ကျွန်တော်တို့ပါတီကို ၂၀၁၄ ခုနှစ်အတွင်းရောက်လာတဲ့ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ တိုင်စာတွေ အားလုံးကို စုနေပါတယ်"။

တိုင်စာတွေကို ပြည်သူ့လွှတ်တော်တရားရေး၊ ဥပဒေရေးနဲ့ အသနားခံစာများ ကော်မတီတွေကနေတစ်ဆင့် တရားသူကြီးချုပ်ထံပို့ဖို့ စီစဉ်နေပါတယ်။ တိုင်ကြားစာတွေက အထောက်အထားခိုင်လုံတယ်။ သက်သေအားကောင်းတဲ့ တိုင်စာတွေဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုပို့ပါမယ်။ လာမယ့်လွှတ်တော်အစည်းအဝေးမှာလည်း တရားရေးနဲ့ပတ်သက်လို့ မေးခွန်းတွေ၊ အဆိုတွေတင်ရင် ကျွန်တော့်ထံရောက်လာတဲ့ တိုင်စာတွေထဲက အချက်အချို့ကို ထည့်သွင်းတင်သွင်းသွားဖို့ ရှိပါတယ်။ လာမယ့်လွှတ်တော်မှာ တရားရေးကဏ္ဍနဲ့ပတ်သက်လို့ မေးခွန်းတွေအဆိုတွေ တင်သွင်းသွားဖို့ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက "တရားသူကြီးတွေနဲ့ ပတ်သက်ပြီး မေးခွန်းမေးစရာတွေ အများကြီးရှိတယ်။ လက်ရှိတရားစီရင်ရေးစနစ်မှာ တရားစီရင်ရေး မူနဲ့မညီတဲ့ ပြစ်ဒဏ်ပေးမှုတွေနဲ့ ပတ်သက်ပြီး တရားစီရင်ရေးဆိုင်ရာ အခြေအနေကို မေးမြန်း တာတို့၊ ဆွေးနွေးတာတို့ လွှတ်တော်မှာ ပြုလုပ်ဖို့ရှိပါတယ်။ လာမယ့်လွှတ်တော်အစည်းအဝေးမှာ ရှိလာနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ "နိုင်ငံတော်ရဲ့ တရားစီရင်ရေးမူမှာလည်းရှိတယ်။ နိုင်ငံသားတွေကို အပြစ်ပေးရေး ထက် ပြုပြင်ရေး ကို ဦးတည်ပြီး ဆောင်ရွက်ရမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သတင်းထောက်တွေဆိုတာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ကို အားပြုနေတဲ့သူတွေအပေါ်မှာ အခုလိုနှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ရခြင်းဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ အဓိကထား ပြောချင်တယ်။ အားလုံးပြောပြောနေတဲ့ ငြိမ်းစုစီဥပဒေ၊ ဆက်သွယ်ရေးဥပဒေမျိုးတွေကိုတောင် လွှတ်တော်မှာ ပြစ် ဒဏ်တွေ လျှော့ပေါ့ပေးခဲ့ပြီးပြီ။ ဒီအချိန်မှာ ဒီလိုပြစ်ဒဏ်ပေးမှုဟာ လုံးဝမမျှတဘူး။ ၀တ္တရားနှောင့်ယှက်မှု ဆိုတာ တကယ်တမ်းကျတော့ တရားရုံးပြင်ပမှာ နှစ်ဦးနှစ်ဖက်ကျေအေးလို့ရတယ်။ အဲဒါအပေါ်မှာ အာဏာပိုင်တွေနဲ့ တရားသူကြီးတွေရဲ့ဆောင်ရွက်ချက်ဟာ ပုဂ္ဂိုလ်ရေး မုန်းတီးမှု ဆောင်ရွက်ချက်တွေ ပါနေသလားလို့ မေးခွန်း ထုတ်ရမယ်။ နိုင်ငံတည်ဆောက်နေတဲ့အချိန်မှာ အင်အားတချို့ကို ဖွင့်လှစ်ပေးပြီးမှ ပြန်လည်ဆုံးရှုံးမှုတွေဖြစ်နေတဲ့အပြင် နိုင်ငံတော်တစ်ခုလုံးသွားနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးမူကိုလည်း လုံးဝထိခိုက်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒေသအလိုက်ခွဲပြောမယ်ဆိုရင် မကွေးတိုင်းဒေသမှာ ချမှတ်လိုက်တဲ့ပြစ်မှုက ဒါဟာအုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးပိုင်းကို လွှမ်းမိုးနေတယ်ဆိုတာ ထင်ရှားတယ်ဆိုတာ ပြလိုက်တာပါပဲ။ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ အခြေခံဥပဒေကို ချိုးဖောက်နေတယ်။ တရားစီရင်ရေးမဏ္ဍိုင်မှာပါဝင်တဲ့ ပုဂ္ဂိုလ်တချို့ရဲ့ စိတ်ပိုင်းဆိုင် ရာပြုပြင်မှုတွေ အရမ်းလိုအပ်နေတယ်ဆိုတာ အထင်အရှား ပြလိုက်ခြင်းဖြစ်တယ်လို့ သုံးသပ်ချင်ပါတယ်" ဟု ဦးမင်းသူက ပြောသည်။

ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု နောက်ဆက်တွဲဆိုးကျိုးများကို ပြည်သူများဆိုးရွားစွာ ခံစားနေကြရေကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ တရားရေးဆိုင်ရာ အဖွဲ့အစည်း ထံ မေးခွန်းများ မေးမြန်းရန်ရှိကြောင်း ပြောကြားခဲ့သည်။

ပြည်သူများထံမှ ရောက်ရှိလာသည့် တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုများအား တိုင်ကြားခြင်းဖြစ်ဟု ပြည်သူ့ လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇန်န၀ါရီ ၁၀ ရက်တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် တရားရင်ဆိုင်ခဲ့ရသော မူးယစ်ဆေးဝါးမှုတစ်ခုတွင် အမှု၏ အဓိကတရားခံမဟုတ်သော အမျိုးသမီးတစ်ဦးအား အမိန့်ချမှတ်ရာ၌ အနိမ့်ဆုံးပြစ်ဒဏ်ကျခံစေရန် ငွေကျပ် ၁၅ သိန်း လာဘ်ငွေပေးချေခဲ့ရသည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တရားသူကြီးတောင်းဆိုသော ငွေကျပ် ၁၀ သိန်းအားမပေးနိုင်၍ တရားစွဲဆိုသောအမှုကို ပလပ်လိုက်သော ကိစ္စတစ်ခုရှိခဲ့ပြီး နစ်နာသူကာယကံရှင်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တိုင်ကြားစာတစ်စောင် ရေးသားပေးပို့ ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော သိန်း ၁၅၀၀ တန် လာဘ်စားမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦး....က အမှုသည်ထံမှ လာဘ်ငွေကျပ် သိန်း ၁၅၀၀ ကို လက်ခံရယူခဲ့ခြင်းအား လာဘ်ပေးသူအမှုသည်က တိုင်ကြားရာမှ ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။

အနောက်ပိုင်းခရိုင်၊ ဒုတိယတရားသူကြီး၏ဖြစ်စဉ်မှာ ၎င်း၏ဇနီးသည်က အမှုသည်ထံမှ ကျပ် သိန်း ၁၅၀၀ လာရောက်ရယူခဲ့ခြင်းကို စီစီတီဗွီကင်မရာမှတစ်ဆင့် အထောက်အထားရယူနိုင်ခဲ့သောကြောင့် အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

"လာဘ်ပေးလာဘ်ယူအမှုတွေနဲ့ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံးဖြစ်ပါတယ်။ ပြီးရင်မန္တလေးက အများဆုံးဖြစ်ပါတယ်။ စီးပွားရေးကောင်းတဲ့တိုင်းတွေက လာဘ်ပေးလာဘ်ယူမှု တော်တော်များပါတယ်။ ရန်ကုန်တိုင်းမှာလည်း ငွေများ တရားနိုင်၊ လာဘ်ပေးလာဘ်ယူမှုတွေ အားကောင်းနေဆဲဖြစ်ပါတယ်"ဟု သူရဦးအောင်ကိုက ထိုစဉ်က ပြောကြားသည်။

တရားစီရင်ရေးကဏ္ဍတွင် အခြားပြင်ပ စီးပွားရေးအဖွဲ့အစည်းများနည်းတူ အကျင့်ပျက်မှုများ အမြစ်တွယ်နေကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က တရားဥပဒေ စိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ၀န်ခံပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment