Friday, April 25, 2014

အပူချိန်နှင့် လေဖြတ်ခြင်းအန္တရာယ်


လာမည့် မေလ ၂၃ ရက်နေ့ကို အပူချိန်လူသတ်သမား၏ အန္တရာယ်သတိပြုလိုက်နာ ဆောင်ရွက်ရေးနေ့ (A Major Killer Heat Awareness Day) ဖြစ်ကြောင်း ပညာရှင်များက ပြောဆိုလျက်ရှိသည်။ ဆိုလိုသည်မှာ အပူချိန်ကို သတိပြုရှောင်ကြဉ်နိုင်ရန် အသိပေးနှိုးဆော်လိုက်ခြင်းဖြစ် ပါသည်။ နေ့အပူချိန် မြင့်တက် လာချိန်တွင် အဓိကအားဖြင့် အပူလျှပ်ခြင်း (Heat Stoke) အဖြစ်များခြင်း၊ သွေးတိုး၊ နှလုံးနှင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်း စသော အသက်အန္တရာယ်ခြိမ်းခြောက်နိုင် သည့်ရောဂါများ ခံစားရလေ့ရှိပါသည်။
ရာသီဥတုပူပြင်းမှုကြောင့် လူ့ခန္ဓာကိုယ်တွင် ပြင်းထန်သည့် အပူချိန်ကို တိုးစေပါသည်။ ယင်းကဲ့သို့ ခံစားရသည့် အပူချိန်ကို (Feel Temperature) ဟုခေါ်ဆိုကြပါသည်။ လူ့ခန္ဓာကိုယ်ခံစား ရသည့် အပူချိန်
၅၄ ဒီဂရီစင်တီဂရိတ် (၁၃ဝ ဒီဂရီဖာရင်ဟိုက်) ကျော်လွန်ပါက အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည့် အဆင့် (Extreme Danger Level) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားကြောင်း သိရပါသည်။ လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပြတ်ခြင်းဖြစ်နိုင်သည့် အနေအထားဖြစ်ပါသည်။
ဤအသက်အန္တရာယ်ဖြစ်နိုင်သည့် အပူချိန်ပြင်းထန်စွာ ခံစားရမှုများသည် ဧပြီလလယ်မှ မိုးကြိုကာလ မေလ အတွင်း ပိုမိုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက တွက်ဆထားသည်။ ဤကာလ အတွင်း နေ၏ပူပြင်းမှုကြောင့် လေပူဒဏ်ကို ခံစားရသည့်အပြင် မုတ်သုံအကြို ကာလဖြစ်ခြင်းကြောင့် လေထုအတွင်း ပူနွေးသောရေငွေ့စိုထိုင်းဆတိုးလာပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ကာ အပူချိန်ကို ပြင်းထန်စွာ ခံစားရနိုင်ပါသည်။ အရပ်စကားနှင့်ဆိုရလျှင် ပူစပ်ပူလောင်ရာ သီဥတုဒဏ်ကို ပြင်းထန်စွာ ခံစားရနိုင်ပါသည်။
ထိုကာလအတွင်း သွေးတိုး၊ နှလုံးရောဂါအခြေခံရှိသူများ အနေဖြင့် သတိပြုနေထိုင်သင့် ပါသည်။ လေဖြတ်ခြင်းနှင့်ဦးနှောက် သွေးကြောပြတ်ခြင်းကဲ့သို့သော အသက် အန္တရာယ်ဖြစ်နိုင်သော ရောဂါများ ခံစားရတတ်ပါသည်။ အစားအသောက်အနေအထိုင် သတိပြု ဆင်ခြင်ကြဖို့ လိုပါသည်။ အပူချိန်သည် ထိုကာလအတွင်း အသံတိတ်လူသတ်သမား (Silent Killer) ဟုလည်း ခေါ်ဆိုကြ ပါသည်။ အပူချိန်ကို ပေါ့ပေါ့ဆဆမမှတ်ယူသင့်ပါ။ အထူးသဖြင့် အာရုံကြောဆိုင်ရာရောဂါ ခံစားနေရသူများ သတိထားရမည့်အချိန် ဖြစ်ပါသည်။ ပြင်းထန်လွန်းသော အလုပ်များ လုပ်ကိုင်ခြင်းမှ ရှောင်ကြဉ်ပြီး အေးမြသည့်နေရာများတွင် နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ် ပါသည်။ အပူချိန်လွန်ကဲမှုဖြစ်ပေါ်နေချိန်တွင် အသိသတိနှင့် နေထိုင်စားသောက်ရန် လိုအပ်ပါကြောင်း။ ။

No comments:

Post a Comment