Thursday, April 3, 2014

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အကြိုပြင်ဆင်မှု အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ၏ ဖွဲ့စည်းပုံပြင်ဆင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) သည် ရှေ့လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အဆင်ပြေ လွယ်ကူ ချောမွေ့စေရန်၊ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်တို့ကြား စနစ်တကျ အပြန်အလှန် ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အဖွဲ့ချုပ်ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း မတ် ၃၁ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ပြင်ဆင်လိုက်သည့် ဖွဲ့စည်းပုံအရ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူသည့် ရေးရာကော်မတီလေးခုနှင့် ဌာနရှစ်ခု အပါအ၀င် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနှင့် ရုံးအဖွဲ့ လွတ်လပ်သော ပါတီစာရင်းစစ်အဖွဲ့တို့ ပါဝင်ကြောင်းလည်း သိရသည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် ကိုင်တွယ်သည့် ရေးရာကော်မတီ လေးရပ်ဖြစ်သည့် လွှတ်တော်ရေးရာ ကော်မတီ တွင် ဒေါက်တာအောင်မိုးညိုက လည်းကောင်း၊ တိုင်းရင်းသားရေးရာ ကော်မတီတွင် ဒေါ်နန်းခင်ထွေးမြင့်က လည်းကောင်း၊ နိုင်ငံခြားရေးရာ ကော်မတီ တွင် ဒေါက်တာမျိုးအောင်က လည်းကောင်း ရေးရာမှူးများ အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး လူငယ်ရေးရာ ကော်မတီအတွက် လူငယ်ညီလာခံအပြီးတွင် ရေးရာမှူး အတွက် ရွေးချယ်မှာဖြစ်ကြောင်းလည်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) တွင် ဖွဲ့စည်းထားသည့် ဌာနရှစ်ခုဖြစ်သည့် စည်းရုံးရေးဌာနတွင် ဒေါက်တာမေ၀င်းမြင့်က လည်းကောင်း၊ သတင်းနှင့် ပြန်ကြားရေးဌာနတွင် ဦးအုန်းကြိုင်က လည်းကောင်း၊ ဘဏ္ဍာရေးဌာနတွင် ဦးသိန်းဦးက လည်းကောင်း၊ ပညာကျန်းမာဌာနတွင် ဒေါက်တာအောင်မိုးညိုက လည်းကောင်း၊ သုတေသနဌာနတွင် ဦးဟံသာမြင့်က လည်းကောင်း၊ ဥပဒေရေးရာဌာနတွင် ဒေါ်ခင်ဌေးကြွယ်က လည်းကောင်း၊ ပြည်သူ့ရေးရာ ဌာနတွင် ဒေါက်တာဇော်မြင့်မောင်အား လည်းကောင်း ဌာနမှူးများအဖြစ် ခန့်အပ်ထားကြောင်းလည်း သိရသည်။
စည်းရုံးရေးဌာန လက်အောက်တွင် (၁)လူမှုအထောက်အကူပြု၊ (၂)ပြည်သူ့ဆက်ဆံရေးနှင့် ပြည်သူ့ ၀န်ဆောင်မှု၊ (၃) ပါတီဖွဲ့စည်းပုံ အဆင့်ဆင့်၊ ရွေးကောက်ပွဲရေးရာတို့ ပါဝင်ကြောင်းလည်း ကြေညာ ချက်တွင် ဖော်ပြပါရှိသည်။ သတင်းနှင့် ပြန်ကြားရေးဌာနတွင်(၁) အဖွဲ့ချုပ်ဝက်ဘ်ဆိုက်၊ (၂)သတင်းစာနှင့် ဂျာနယ်တို့ပါဝင်ပြီး ဘဏ္ဍာရေးဌာနတွင် (၁) ပါတီဝင်ကြေး၊ (၂) ပါတီရန်ပုံငွေ၊ (၃) စာရင်းကိုင်အဖွဲ့များ ပါဝင်သည်။ ပညာကျန်းမာဌာနတွင်(၁) ပညာရေးကော်မတီ၊ ပညာရေး၊ (၂) ပညာရေးကွန်ရက်၊ (၃) ကျန်းမာရေးကော်မတီ၊ ကျန်းမာရေးကွန်ရက်တို့ကို ထည့်သွင်းဖော်ပြထားသည်။ သုတေသနဌာနတွင် (၁) နိုင်ငံရေး သုတေသန (၂)အဖွဲ့ချုပ် စာကြည့်တိုက် (၃)စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ (၄)စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး နည်းပညာ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (၅)ဘဏ္ဍာရေး၊ အခွန်အကောက်နှင့် အစိုးရဘတ်ဂျက်များ သုံးစွဲမှုတို့ ပါဝင်သည်။ ဥပဒေရေးရာ ဌာနတွင် ဥပဒေအထောက်အကူနှင့် တရားရေးတို့ကို လည်းကောင်း၊ ပြည်သူ့ရေးရာ ဌာနတွင် (၁)တောင်သူ လယ်သမားရေးရာ၊ (၂) အလုပ်သမားရေးရာ၊ (၃)သဘာဝပတ်ဝန်းကျင်ရေးရာ (၄)ကလေးသူငယ်ရေးရာ (၅) အမျိုးသမီးရေးရာ စသည့်လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။
စည်းရုံးရေးဌာနမှူးအဖြစ် ဆောင်ရွက်ရမည့် ဒေါက်တာဒေါ်မေ၀င်းမြင့်က “ဟိုနေ့က အစည်းအဝေးမှာ ဖွဲ့စည်းပုံကို ပြန်ပြင်ခဲ့တာပါ။ ကော်မတီတစ်ခုမှာ အဖွဲ့ဝင်လူအင်အား ဘယ်နှယောက်ထားမလဲဆိုတဲ့ အတိအကျ အချက်တွေကို နောက်အစည်းအဝေးကျမှ သိရမယ်။ ပြီးခဲ့တဲ့ နှစ်လလောက်က CEC တွေကို တိုင်းနဲ့ပြည်နယ်တွေမှာ တာဝန်ခွဲထားတယ်။ ကိုယ်ကျတဲ့တိုင်းကို အသေးစိတ် တာဝန်ယူရတယ်။ အခုကတော့ အန်တီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် စည်းရုံးရေး လုပ်ရမှာပါ။ ရွေးကောက်ပွဲ နီးရင်တော့ အောင်နိုင်ရေးအတွက် အဖွဲ့တွေထပ်ဖွဲ့မယ်၊ အန်တီတို့ကတော့ ဗဟိုကနေ ထိန်းသိမ်းရမှာပေါ့။ ကိုယ့်ရဲ့ပါတီ ကျစ်လျစ်ခိုင်မာဖို့အတွက် ရည်ရွယ်ပြီး ထပ်မံဖွဲ့စည်းတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ပြည်သူ့ရေးရာဌာနတွင် ဌာနမှူးအဖြစ် ဆောင်ရွက်ရမည့် ဒေါက်တာဇော်မြင့်မောင်ကလည်း ရှိပြီးသား လူများအား စနစ်တကျဖြစ်အောင် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော်တို့ ဌာနမှူးတို့ ရေးရာမှူးတို့ပေါ့နော်၊ ရှိပြီးသား ဒီလူတွေပါပဲ၊ စနစ်တကျ ကိုင်တွယ်ရအောင်လို့ ရုံးဖွဲ့စည်းပုံကို ပြင်လိုက်ရင်းနဲ့ ဒါလေးတွေကို ထပ်တိုးလိုက်တာပါ။ ရုံးလာတဲ့အခါ သတင်းစုံစမ်းရတာ အခက်အခဲရှိတယ်။ နိုင်ငံခြားကပဲလာလာ၊ ပြည်တွင်းက အခြားအဖွဲ့အစည်းတွေပဲလာလာ ဆက်သွယ်ရတာ ခက်တယ်။ ရုံးကလည်းကျဉ်းတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ကော်မတီလေးတွေဖွဲ့ပြီး တာဝန်ယူလိုက်ရင် မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်အောင်လို့ပါ။ အရင်ပုံစံကိုပဲမှီပြီး Reform လုပ်တာပါ” ဟု ဖွဲ့စည်းပုံပြင်ဆင်ရသည့် အကြောင်းရင်းကို ပြောပြခဲ့သည်။ ထို့နောက် ယခုပြင်ဆင်သည့် ဖွဲ့စည်းပုံအတွင်းသို့ လူငယ်ညီလာခံ ပြီးပါက လူငယ်ညီလာခံမှ တက်လာသည့် လူငယ်ခေါင်းဆောင်များကိုလည်းထည့်သွင်းသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့အား တာဝန်ခံသည့် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ဝင်းကို လည်းကောင်း၊ အုပ်ချုပ်ရေးနှင့် ရုံးအဖွဲ့အား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်အား လည်းကောင်း၊ ပါတီစာရင်းစစ်အဖွဲ့ကို လွတ်လပ်သည့် အဖွဲ့အဖြစ် လည်းကောင်း၊ လူမှုအထောက်အကူပြုနှင့် ဥပဒေရေးရာ အဖွဲ့တို့အား နာယကကြီး ဦးတင်ဦးက ဦးဆောင်ပြီး သီးခြားရပ်တည်သည့် အဖွဲ့များအဖြစ် လည်းကောင်း ဖွဲ့စည်းထားကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် စည်းရုံးရေးဌာန၊ ဘဏ္ဍာငွေရှာဖွေရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာနတို့၏ တာဝန်ခံအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဆောင်ရွက်မှာဖြစ်ပြီး ဘဏ္ဍာရေးဌာန၊ ပညာကျန်းမာဌာန၊ သုတေသနဌာနတို့၏ တာဝန်ခံအဖြစ် ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ဆောင်ရွက်မှာဖြစ်ကြောင်း ကိုလည်း ဖော်ပြခဲ့သည်။
NLD ပါတီကို ၁၉၈၈၊ စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ အမတ်နေရာ ၃၉၂ နေရာ အနိုင်ရရှိခဲ့ပြီး တပ်မတော်အစိုးရက အနိုင်ရပါတီ NLD အား အာဏာပေးအပ်ခြင်း မရှိခဲ့ပေ။ အာဏာသိမ်း တပ်မတော်အစိုးရက ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေအား အတည်ပြုခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း ထိုရွေးကောက်ပွဲအား NLD ပါတီက သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်နှစ်ရပ်စလုံးအတွက် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာ အနိုင်ရခဲ့ကြောင်း သိရသည်။ ကြားဖြတ် ရွေးကောက်ပွဲ၏ ကြွေးကြော်သံများအဖြစ် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ကြွေးကြော်ကာ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း NLD ပါတီက နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာထားချိန်တွင် ယခုကဲ့သို့ အဖွဲ့ချုပ် ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြန်လည်ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအရ ကော်မတီအရပ်ရပ်၏ လုပ်ငန်းတာဝန်များနှင့် ပါဝင်မည့် ကော်မတီဝင် အရေအတွက်တို့ကို နောက်တစ်ကြိမ်ပြုလုပ်မည့် ဗဟိုကော်မတီဝင်များ အစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးမည်ဟုလည်း သတင်းရရှိသည်။
NLD ပါတီနှင့် ပတ်သက်၍ အားနည်းချက်များ ရှိနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ရှိနေခဲ့သည့်အချိန်တွင် ယခုကဲ့သို့ ကော်မတီနှင့် လုပ်ငန်းတာဝန်များအား ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ခြင်းလည်း ဖြစ်သည်။

Eleven

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား NLD (၂၅)နှစ်ပြည့် အခမ်းအနားအပြီး သတင်းစာရှင်းလင်း ပွဲ၌ တွေ့ရစဉ်

No comments:

Post a Comment