Thursday, April 3, 2014

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း NCCT ရေးဆွဲပြီးဟုဆို


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အစိုးရနှင့် ညှိနှိုင်းရန် မူကြမ်းတစ်စောင် ရေးဆွဲမှု ပြီးစီးပြီ ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ရခိုင်တပ်မတော်- Arakan Army မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောကြားသည်။
ယင်းမူကြမ်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ အစည်းအဝေး နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ယင်းမူကြမ်းကို သဘောတူ ရေးဆွဲလိုက်ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က “ကျွန်တော်တို့ အခန်း ခုနစ်ခန်းကို ဆွေးနွေး ရေးဆွဲကြပါတယ်။ ဒီနေ့
NCCT ဘက်က ရေးလို့ ပြီးသွားပါပြီ။ အဲဒီမူဘောင်ကို ကိုင်ပြီးတော့ လာမယ့် ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ဆွေးနွေးမှာပါ” ဟု ရှင်းပြသည်။
ချင်းမိုင် အစည်းအဝေး၌ ကရင်အမျိုးသားအစည်းအရုံး KNU က တင်ပြလာသော မူကြမ်းနှင့် ကချင်လွတ်လပ်ရေးတပ် KIA၊ ချင်းအမျိုးသားတပ်ဦး- CNF တို့က တင်ပြချက်များကို ဆွေးနွေးခဲ့ကြပြီးနောက် NCCT ၏ မူကြမ်းအဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
“KNU ဘက်ကလည်း ရေးဆွဲထားတဲ့ဟာကို တင်ပြပါတယ်။ CNF ဘက်ကလည်း တင်ပြတယ်။ KIO ကလည်း တင်ပြပါတယ်။ အဲဒါတွေကို စုပေါင်းပြီးတော့ လော်ခီးလာ မူဘောင်ကို အခြေခံပြီးတော့ အဲဒီအခန်း ၇ ခန်းထဲမှာ ထည့်ပြီး ရေးဆွဲထားတာပါ” ဟု အစည်းအဝေး တက်ရောက်သူ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ဆက်ပြောသည်။
မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များက မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) နှင့် NCCT အစည်းအဝေးမှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းကို အခန်း ၇ ခန်းဖြင့် ရေးဆွဲရန် နှစ်ဘက်သဘောတူညီခဲ့ကြသည်။
ယင်း ၇ ခန်းတွင် အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အထွေထွေတို့ ပါဝင်သည်။
ယင်းမတ်လ အစည်းအဝေး၌ပင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်းအတွက် ပူးတွဲရေးဆွဲရန် လုပ်ငန်းအဖွဲ့ တစ်ခုကို NCCT မှ ကိုးဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၊ လွှတ်တော်၊ တပ်မတော်တို့မှ သုံးဦးစီ ပါဝင်သည့် အစိုးရဘက်မှ ကိုးဦးတို့ဖြင့် ဖွဲ့စည်းရန်လည်း သဘောတူခဲ့ကြသည်။
NCCT ဘက်အတွက် ခြောက်ဦး ရွေးချယ်ထားပြီး ဖြစ်ကာ လိုအပ်နေသေးသော သုံးဦးအတွက် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA မှ ဗိုလ်မှူးလုံးလုံး၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ တာအိုက်ဖုန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSP/SSA မှ စိုင်းဘထွန်းတို့ကို ဧပြီ ၁ ရက်နေ့နှင့် ၂ ရက်နေ့ အစည်းအဝေးမှ ရွေးချယ်ခဲ့ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒေါ်စောမြရာဇာလင်းကို အရန်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။
ယင်းအစည်းအဝေးသို့ NCCT အဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA တို့ တက်ရောက်ခြင်း မရှိကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပြသည်။
နိုင်ဟံသာက “သူတို့ မတက်ရောက်နိုင်ဘူးဆိုတော့ အများဆုံးဖြတ်တဲ့ အတိုင်းကိုတော့ လက်ခံလိမ့်မယ်လို့ ထင်တာပဲလေ။ သူတို့အဖွဲ့က ဒီဆွေးနွေးပွဲမှာ အကြံပြုတာတွေ ပို့ထားတာလဲ မရှိဘူး” ဟု ပြောသည်။
MPC မှ အပစ်အခတ် ရပ်စဲရေးဌာန အစီအစဉ် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက အစိုးရဘက်မှ ကိုယ်စားလှယ် ၉ ဦးနှင့် ပတ်သက်ပြီး “ရွေးတော့ ရွေးချယ်ပြီးသွားပြီ။ တရားဝင် စာရင်းတော့ မထုတ်ပြန်ရသေးဘူး။ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ပါမယ်” ဟု ပြောသည်။
ဧပြီ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MPC တွင် ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းရေးဆွဲပွဲကို NCCT အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (USWA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော် (NDAA/ မိုင်းလား) တို့ တက်ရောက်မည် ဖြစ်ပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) မှာမူ တက်ရောက်ရန် အကြောင်း မပြန်သေးဟု MPC မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောကြားသည်။

No comments:

Post a Comment