Tuesday, April 29, 2014

မြန်မာနိုင်ငံ၏ အားနည်းချက်များကြောင့် ကြိုတင်ပြင်ဆင် ရင်းနှီးမြှုပ်နှံရန် နော်ဝေဒုဝန်ကြီး တိုက်တွန်း

Tuesday, April 29, 2014
မြန်မာနိုင်ငံတွင် အခွင့်အလမ်း များပြားသကဲ့သို့ ဥပဒေရေးရာ အားနည်းချက်များ၊ အဂတိလိုက်စားမှုများ၊ အခြေခံအဆောက်အဦ အားနည်းချက်များကြောင့် ပြည်တွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံမည့် နော်ဝေ ကုမ္ပဏီများအနေနှင့် စနစ်ကျသည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ ဝင်ရောက် ရင်းနှီးမြှုပ်နှံသင့်ကြောင်း နော်ဝေကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး H.E Dilek Avhan က ပြောကြားသည်။ရန်ကုန်မြို့တော်တွင် ဧပြီလ ၂၈ ရက်နေ့၌ ကျင်းပသော နော်ဝေ-မြန်မာ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။“မြန်မာနိုင်ငံက သယံဇာတနဲ့ အရင်းအမြစ်တွေ ပေါများတယ်။ ငယ်ရွယ်တဲ့ လုပ်သားတွေ အများအပြား ရှိတယ်။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံတို့ရဲ့ ကြားထဲက အချက်အချာ နေရာမှာလည်း တည်ရှိတယ်။
 မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍ တိုးတက်လာအောင်လို့ နော်ဝေကုမ္ပဏီတွေ ဒီနိုင်ငံမှာ ပိုရင်းနှီး မြှုပ်နှံသင့်ပါတယ်” ဟု ၎င်းကဆိုသည်။
လတ်တလောတွင် နော်ဝေအခြေစိုက် စီးပွားရေး လုပ်ငန်းအချို့က မြန်မာနိုင်ငံတွင် စွမ်းအင်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ အခြေခံအဆောက်အဦ လုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နော်ဝေကုမ္ပဏီများ နည်းပါးနေသေးကြောင်း ၎င်းက ရှင်းပြသည်။
“လက်ရှိမှာ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ လေကြောင်း၊ ကုန်သွယ်ရေး၊ လျှပ်စစ်၊ စက်မှုလုပ်ငန်း၊ အထည်ချုပ်လို လုပ်ငန်းမျိုးတွေမှာ ဝင်ရောက် လုပ်ကိုင်သင့်ပါတယ်။ ဒီလုပ်ငန်းတွေမှာ အခုတော့ ဂျပန်တွေက အဓိက ဝင်လုပ်နေပါတယ်။ သီလဝါနဲ့ ထားဝယ်လို SEZ တွေ ရှိနေတယ်။ အခွင့်အရေးကောင်းတွေ ရှိနေတုန်း အလျင်အမြန် ဝင်ရောက် လုပ်ကိုင်သင့်ပါတယ်” ဟု ADB နှင့် West Indochina and Mekong institute မှ ပါမောက္ခ Dr Jean-Pierre A. Verbiest က ဆိုသည်။
မြန်မာနိုင်ငံအစိုးရသည် နော်ဝေ အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်စေရန် EU-Myanmar Investment Protection Agreement စာချုပ်လက်မှတ်ထိုးရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ယခုနှစ်အတွင်း အပြီးသတ်နိုင်ပါက လာမည့်နှစ်များတွင် EU ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိအချိန်တွင် နော်ဝေနိုင်ငံအခြေစိုက် မိုဘိုင်းလ်ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် တယ်လီနောက မြန်မာနိုင်ငံတွင် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment