Wednesday, April 23, 2014

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ သွားရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လအတွင်းတွင် နီပေါနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နီပေါ အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် kantipur သတင်းဌာနတွင် ဖော်ပြထားသည်။

ဇွန်လ ၁၄ ရက်နေ့တွင် သွားရောက်မည့် နှစ်ရက်ကြာ ခရီးစဉ်အတွင်း နီပေါနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် ထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး နီပေါ ပါလီမန်တွင် ဒီမိုကရေစီဆိုင်ရာ
မိန့်ခွန်းတစ်ရပ် ပြောကြားမည် ဖြစ်ကြောင်း နီပေါ ဝန်ကြီးချုပ်၏ ပြည်ပ ဆက်ဆံရေးအကြံပေး Dinesh Bhattarai က ပြောကြားသည်။

နီပေါနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ခံရသော ဝန်ကြီးချုပ်ဟောင်း BP Koirala ၏ နှစ်တစ်ရာပြည့် မွေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြား ခံရသော ဒေါ်အောင်ဆန်းစုကြည်သည် ယင်းအခမ်းအနားတွင် Relevance of Social Democracy ခေါင်းစဉ်ဖြင့် မိန့်ခွန်းတစ်ရပ် ပြောကြားရန်လည်း စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော သုံးကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ နီပေါ ဝန်ကြီးချုပ် Sushil Koirala တက်ရောက်သည့်စဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း kantipur သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အိန္ဒိယနိုင်ငံတွင် မိခင်ဖြစ်သူ သံအမတ်ကြီး ဒေါ်ခင်ကြည်နှင့် ကာလအတန်ကြာ နေထိုင်၍ ပညာသင်ကြား ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ကွယ်လွန်သွားသည့် နီပေါ ဝန်ကြီးချုပ် BP Koirala တို့ ပုဂ္ဂိုလ်ရေးရင်းနှီးမှု ရှိခဲ့ပြီး အတူတကွ အလုပ် လုပ်ကိုင်ဖူးကြောင်းလည်း ယင်းသတင်း၌ ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment