Wednesday, April 2, 2014

ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် NLD ပါတီဖွဲ့စည်းပုံပြင်



ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်ရန် ကြေညာထားသော ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပါတီဖွဲ့စည်းပုံကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်အရ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အဓိကက လာမယ့် ရွေးကောက်ပွဲတွေမှာ ပါတီတွင်း လှုပ်ရှားမှုတွေ အခက်အခဲမရှိ ပိုမိုချောမွေ့အောင်လို့ ပြင်ဆင်ရတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ြေ
ပာင်းလဲလိုက်သော NLD ပါတီ၏ ဖွဲ့စည်းပုံတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုင်တွယ်မည့် လွှတ်တော်ရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ နိုင်ငံခြားရေးရာ ကော်မတီနှင့် လူငယ်ရေးရာ ကော်မတီများ တိုးလာမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။
ထို့အပြင် စည်းရုံးရေး၊ ရန်ပုံငွေ ရှာဖွေရေး၊ သတင်းနှင့် ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး၊ သုတေသန၊ ဥပဒေရေးရာနှင့် ပြည်သူ့ရေးရာ ဌာနများဟူ၍ ဗဟိုကော်မတီ၏ ကွပ်ကဲမှု အောက်တွင် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ်များ အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း NLD ပါတီက ကြေညာထားပြီး အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။
နယ်မြေအေးချမ်းမှု မရှိသော ဒေသများနှင့် အစိုးရအဖွဲ့ဝင် ဖြစ်သွားသူ သို့မဟုတ် သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ်နေရာ စုစုပေါင်း ၃၁ နေရာအတွက် ဒုတိယအကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ပြီး အချိန်ကို သုံးလကြိုတင် ကြေညာမည် ဖြစ်ကြောင်း မတ်၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မဲဆန္ဒနယ် ၄၄ နေရာတွင် NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

The Voice

No comments:

Post a Comment