Thursday, April 24, 2014

တပ်မတော်နှင့် TNLA တအာင်း (ပလောင်) တပ်တို့ လေးရက်အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွား



တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်တို့ လေးရက် အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးကြိမ်စလုံးသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ အနီးဝန်းကျင်များ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တအာင်း (ပလောင်) တပ်များက မူးယစ်ဆေးဝါး ရှင်းလင်းရေးများ ပြုလုပ်စဉ် အစိုးရတပ်များနှင့် ထိပ်တိုက်တွေ့ကာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းTNLA ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျားက ဧပြီ ၂၃ ရက် မွန်းလွဲ ပိုင်းက ပြောကြားသည်။
ပထမအကြိမ်အဖြစ် ဧပြီ ၂၀ ရက် ညနေပိုင်းက နမ့်ခမ်းမြို့နှင့် ကိုးမိုင်ခန့်အကွာ မန်အောင်ရွာနှင့် ဆာလူရွာကြားတွင် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်အဖြစ် ဧပြီ ၂၂ ရက်နံနက်ပိုင်းက နမ့်ခမ်းမြို့နှင့် တစ်မိုင်ခန့်သာ ကွာဝေးသည့် စခန်းဇစ် ကုန်းတွင် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲတွင်လည်း နှစ်ဖက်အကျအဆုံး မရှိခဲ့ကြောင်း သိရသည်။
တတိယအကြိမ်အဖြစ် ဧပြီ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်က မန်အောင်နှင့် နမ့်ခမ်းကြားရှိ ကြူးဆိုင်းရွာအောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ကြောင်း၊ အစိုးရတပ်ဘက်မှ ကားနှစ်စီး ပျက်စီးခဲ့သည်ဟု သိရကြောင်း တာဂျုတ်ဂျားက ပြောကြားသည်။
“ကားနှစ်စီးပျက်သွားတယ်လို့ ကြားတယ်။ အကျအဆုံး ရှိတယ်လို့တော့ မကြားဘူး။ ဖိုးဝှီးကားတွေဖြစ်မယ်။ လမ်းမှာစောင့်ပြီး ပစ်တာ။ ကျွန်တော်တို့ဘက်ကတော့ လုံးဝအထိအခိုက် မရှိဘူး” ဟု တာဂျုတ်ဂျားက ဆိုသည်။
၎င်းတို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းမှာ မူးယစ်ဆေးဝါး ကိစ္စများဖြင့်သာ အဓိက ဆက်စပ်ဖြစ် ပွားနေခြင်းဖြစ်ပြီး ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကဲ့သို့ မဟုတ်ကြောင်း တာဂျုတ်ဂျားက ပြောကြားသည်။
လက်ရှိတွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အချိန်တွင် ယခုကဲ့သို့ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားနေခြင်းမှာ အစိုးရအပေါ် ယုံကြည်မှု လျော့နည်းသွားစေနိုင်သည်ဟုလည်း တာဂျုတ်ဂျား က ပြောကြားသည်။
တအာင်း(ပလောင်) ဒေသတွင် မတ်လနောက်ဆုံးပတ်မှစ၍ လက်ဖက်ရွှေဖီခူးချိန် ဖြစ်သည့်အတွက် တိုက်ပွဲများကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမည်ဟု TNLA က ထုတ်ပြန်ထားပြီး ယင်းနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ဘဲ ယခုလက်ဖက်ရွှေဖီခူးချိန် ကုန်ဆုံးရန် တစ်ပတ်ခန့် အလိုတွင် တိုက်ပွဲငယ်များ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်အတူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။
Eleven Media Group

No comments:

Post a Comment