Thursday, May 15, 2014

စက်သုံးဆီခွဲတမ်းကို လယ်/ဆည်က အများဆုံးတောင်းပြီး ဂါလန်ပေါင်း ၄၂ သန်းနီးပါး အထိ တောင်းခံ၊ ပြန်ကြားရေးကဲ့သို့သော ၀န်ကြီးဌာနအချို့ကလည်း ပုံမှန်ခွဲတမ်းအပြင် စီမံကိန်းခေါင်းစဉ် တပ်၍ ခွဲတမ်းတောင်း

နှစ်စဉ်ဝန်ကြီးဌာနအလိုက် အုပ်ချုပ်မှုအတွက်လည်းကောင်း၊ စီမံကိန်းများအတွက် လည်းကောင်း သုံးစွဲမည့် စက်သုံးဆီပမာဏကို တင်ပြတောင်းခံရာ ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနအားလုံးထဲတွင် အများဆုံးတင်ပြတောင်းခံသည့် ဝန်ကြီးဌာနမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွက် လယ်/ဆည်ဝန်ကြီးဌာနတစ်ခုတည်းမှ တောင်းခံသည့်ပမာဏမှာ ဓာတ်ဆီ ဒီဇယ်ဂါလန်ပေါင်း ၄၂ သန်းနီးပါးအထိရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့်
ပမာဏထက် လယ်/ဆည် တောင်းခံသည့် ပမာဏမှာ ဂါလန်ပေါင်း ကိုးသန်းဝန်းကျင်အထိ ပိုမိုများပြားကြောင်း သိရသည်။

ဝန်ကြီးဌာနများနှင့် အာဏာပိုင်များမှ ယခုနှစ်အတွက် တောင်းခံထားသည့် စက်သုံးဆီပမာဏ စုစုပေါင်းမှာ ဂါလန်သန်းပေါင်း ၂ဝဝ နီးပါးအထိရှိသည်ဟုလည်း သိရသည်။

တောင်းခံရာတွင် အုပ်ချုပ်မှုသုံးရန်အတွက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းသုံးရန် ခေါင်းစဉ်ဖြင့် လည်းကောင်း တောင်းခံကြခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနများထဲတွင် စီမံကိန်းများလုပ်နေသည့် ဆက်သွယ်ရေး၊ ဟိုတယ်ခရီးဝန်ကြီးဌာနကဲ့သို့သော ဝန်ကြီးဌာနများမှ ပုံမှန်သုံးစွဲရန် ခွဲတမ်းအတွက်သာ တောင်းခံသော်လည်း ပြန်ကြားရေး ဝန်ကြီးဌာန ကဲ့သို့သော ဝန်ကြီးဌာနအချို့မှာမူ ပုံမှန်ခွဲတမ်းအပြင် စီမံကိန်းအတွက် ခေါင်းစဉ်ဖြင့်ပါ တင်ပြတောင်းခံကြကြောင်း သိရသည်။

သို့သော် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်မူ တောင်းခံသည့်ပမာဏအတိုင်းမဟုတ်ဘဲ ပြန်လည်တွက်ချက် ထားသည့် ပမာဏကိုသာ ဝန်ကြီးဌာနအလိုက် ပြန်လည်ဖြန့်ဖြူးပေးရန် စီစဉ်ထားသည်ဟု သိရသည်။

ဥပမာအားဖြင့်-လယ်/ဆည်ဝန်ကြီး ဌာနဆိုလျှင် တောင်းခံထားသည်မှာ ဂါလန် ပေါင်း ၄၂ သန်းနီးပါးဖြစ်သော်လည်း ၄၂ သန်းနီးပါးထက်များစွာ လျော့နည်း၍ ခွဲတမ်းပြန်သတ်မှတ် တွက်ချက်ပေးမည့် သဘောမျိုးဟု ဆိုသည်။

ယခင်နှစ်က ဝန်ကြီးဌာနများအားလုံးသို့ စက်သုံးဆီဂါလန်သန်းပေါင်း ၁၅ဝ ဝန်းကျင်အထိ ထုတ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂါလန်သန်းပေါင်း ၁၅ဝ မှာ ပုံမှန်ခွဲတမ်းပမာဏနှင့် စီမံကိန်းအတွက် တောင်းသည့် ခွဲတမ်းပမာဏအပေါ် ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပုံမှန်ခွဲတမ်းနှင့် စီမံကိန်းအတွက် ခွဲတမ်းများ ဖြန့်ဖြူးပေးခဲ့သည့်အပြင် အထူးကိစ္စရပ်များခေါင်းစဉ်ဖြင့် ကာကွယ်ရေး၊ ပြည် ထဲရေး၊ ပြန်ကြားရေး၊ စီမံ/စီးပွား၊ လျှပ်စစ်၊ ဗဟိုအာဏာပိုင်တို့မှ စက်သုံးဆီ ဂါလန်ပေါင်း နှစ်သန်းနီးပါးကို ခွဲတမ်းအပြင် ပိုမိုသုံးစွဲခဲ့ကြကြောင်း သိရသည်။

စက်သုံးဆီဂါလန် နှစ်သန်းနီးပါးဆိုသည်မှာ ကာလပေါက်ဈေးအရ ကျပ်သိန်း ပေါင်း ၇၇ဝဝဝ ကျော်ဖိုးအထိ ရှိသည်။

အထူးကိစ္စရပ်များ ခေါင်းစဉ်တပ်ထားသော်လည်း သမ္မတရုံးဝန်ကြီးများ ခရီးသွားသည့်အတွက် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီး၊ ဒုဝန်ကြီးများ ပြည်တွင်း ခရီးသွားခြင်း အတွက်လည်းကောင်း၊ ပြည်ပဧည့်သည်များ ကြိုပို့ခြင်း၊ အာဆီယံအားကစား ပြိုင်ပွဲကဲ့သို့သော ခေါင်းစဉ်များကသာ အများဆုံးဖြစ်သည်။

သမ္မတရုံးဝန်ကြီးများ ပြည်တွင်းခရီးစဉ်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီး၊ ဒုဝန်ကြီးများ ပြည်တွင်း ခရီးစဉ် နှစ်မျိုးတည်းအတွက် မူလခွဲတမ်းရပြီးသည့်အပြင် တစ်နှစ်အတွင်း ပိုမိုထုတ်ယူသုံးစွဲသည့် ဒီဇယ်၊ ဓာတ်ဆီဂါလန်ပေါင်းမှာ ၂၂ဝဝဝ နီးပါး (ကာလပေါက်ဈေး ကျပ်သိန်း ၈၇ဝ နီးပါးဖိုး) အထိ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment