Thursday, May 8, 2014

လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားသည့် ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလောင်းကို ပဲပုပ်ခင်းတွင် ပြန်တွေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ဧပြီလ ၁၉ ရက်နေ့ညက ဖာချယ်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်သို့ ရုပ်ဖျက်ထားသည့် သေနတ်ကိုင်အဖွဲ့ တစ်ဖွဲ့မှ လာရောက်ဖမ်းဆီးမှု ခံခဲ့ရသည့် ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်၏ အလောင်းကို အဖမ်းခံရပြီး ၁၇ ရက်အကြာ မေလ ၆ ရက် နေ့လယ်ပိုင်းက ရွာအနောက်တောင်ဘက်ရှိ ပဲပုပ်ခင်းတစ်ခုတွင် တွေ့ရှိခဲ့ကြောင်း မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။“ရွာနားမှာ ပုပ်ပွနေပြီ။ ရုပ်ပျက်နေလို့ ဦးတင်အောင် မိသားစုကို အတည်ပြုခိုင်းရတယ်။ သေချာလို့ အမှုဖွင့်ပြီး ရဲလုပ်ထုံး လုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရုံးဦးစီး ဒုရဲအုပ် သိန်းဝင်းက ဆိုသည်။ ဖာချယ်ကျေးရွာ အနောက်တောင်ဘက်ရှိ စိုင်းမိုင်းလွယ်သည် ပဲပုပ်ခင်းသို့ မေလ ၆ ရက် နံနက် ၁၁ နာရီခန့်က သွားရောက်စဉ် အပုပ်နံ့ရသဖြင့် ရှာဖွေကြည့်ရာမှ ဦးတင်အောင်၏ အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မိသားစု၏ အတည်ပြုချက်အရ ဦးတင်အောင်မှာ ဖမ်းဆီး ခေါ်ဆောင်သွား ခံခဲ့ရစဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစား၊ ဖိနပ်များနှင့်အတူ ပက်လက် အနေအထားဖြင့် သေဆုံးနေပြီး မျက်နှာ မပေါ်တော့ဘဲ ပုပ်ပွကာ အဆစ်များ ပြုတ်ထွက်လျက် ရှိသည့်အပြင် လက်တစ်ဖက်နှင့် ခြေထောက် တစ်ဖက် ပြုတ်နေကြောင်း၊ လက်ရှိတွင် လူသတ်မှုအဖြစ် အမှုဖွင့် ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲအရာရှိက ပြောကြားသည်။“အုပ်ချုပ်ရေးပိုင်းက ဖြစ်တာမို့ လုံးဝ စိတ်မကောင်းဘူး။ အလောင်း မြေကျအောင် ဆောင်ရွက်သွားဖို့ ရှိတယ်။ သူ့နေရာမှာ အုပ်ချုပ်ရေးမှူး ရွေးစဉ်က ဒုတိယ မဲအများဆုံး ရခဲ့တဲ့သူကို ယာယီ တာဝန်ပေးထားမှာပါ” ဟု မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒု-အုပ်ချုပ်ရေးမှူးက ဆိုသည်။ဦးတင်အောင်ကို မေလ ၇ ရက်နေ့တွင် မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ “သူက သေတဲ့အထိ တိုင်းပြည်အပေါ် သစ္စာရှိသွားတာပါ။ တပ်မတော် အငြိမ်းစား တစ်ဦးအနေနဲ့ ဆက်ကြေး မပေးဘူး။ ခိုင်းတာ မလုပ်ဘူးဆိုပြီး သေတဲ့အထိ သတ္တိရှိသွားသူပါ” ဟု မိုင်းတုံမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက ဆိုသည်။ဦးတင်အောင်မှာ မသေဆုံးမီက ရွာသို့ ဆန်တောင်းခံရခြင်း၊ ဆက်ကြေး ကောက်ခံခိုင်းခြင်းများကို ငြင်းဆန်ခဲ့ခြင်း၊ ပြီးခဲ့သည့် မတ်လအတွင်းက အဆိုပါကျေးရွာ လက်အောက်ခံ ပန်ကျိုင်းရွာ တိုက်ပွဲ ဖြစ်စဉ်က ယင်း၏ သတင်းပေးချက်အရ တပ်မှ လာရောက် တိုက်ခိုက်နိုင်ခဲ့သည် ဆိုခြင်း အကြောင်းများကြောင့် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသ အတွင်း ဝေဖန်ချက်များ ပေါ်ထွက်လျက် ရှိကြောင်း အဆိုပါ ဖာချယ်ရွာထံမှ စုံစမ်းသိရှိရသည်။
ဦးတင်အောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားမှုတွင် SSA တောင်ပိုင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း SSA ဆက်ဆံရေးရုံးများ ကွပ်ကဲရေးဌာနက တရားဝင် ငြင်းဆိုထားသည်။ဦးတင်အောင်ကို ဖမ်းဆီးခေါ်ဆောင် သွား ခံခဲ့ရသည့်နောက်ပိုင်း တပ်မတော် စစ်ကြောင်းများက ရှာဖွေမှုများနှင့် ပတ်သက်၍ မြို့နယ် ဆက်ဆံရေး ရုံးများနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း စစ်ဘက်အရာရှိ တစ်ဦးထံမှ သိရသည်။
ယင်းလူသတ်မှုနှင့် ပတ်သက်၍ မိုင်းတုံမြို့မ ရဲတပ်ဖွဲ့စခန်းက (ပ) ၄/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

The Voice Weekly

No comments:

Post a Comment