Tuesday, May 27, 2014

ပါတီများ ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးခွင့်မရှိ

နိုင်ငံရေးပါတီများခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ်စည်းရုံးနေသည်ဟု ယူဆပါက မည်သည့် ပါတီကိုမဆို သက်ဆိုင်ရာခွင့်ပြုချက်ပေးသည့် အာဏာပိုင်အဖွဲ့အစည်းများသို့ တိုင်ကြားနိုင် သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောသည်။
နိုင်ငံရေးပါတီများသည် စည်းရုံးရေးလုပ်ငန်းများကို အချိန်မရွေးဆောင်ရွက်ခွင့်ရှိပြီး ပါတီရုံးများတွင် လုပ် ဆောင်သည့် စည်းရုံးရေးကိုခွင့်ပြုချက်မယူဘဲ ပြုလုပ်နိုင်သော်လည်း ရုံးပြင်ပတွင် လူစုလူဝေဖြင့် ဆောင် ရွက်ပါက တည်ဆဲငြိမ်း၊စု၊စီ ဥပဒေအရသာ ဆောင်ရွက်ရမည် ဟု ဆိုသည်။
“ခွင့်ပြုချက်မှာပါတဲ့အတိုင်း မဟုတ်ဘဲ ကျော်လွန်ပြီး မဲဆွယ်တာပဲ ဖြစ်ဖြစ်၊ ဟောပြောတာပဲဖြစ်ဖြစ် ရှိတယ် ဆိုရင် မကျေနပ်တဲ့သူကတိုင်ရမယ်။ တိုင်မှ သက်ဆိုင်ရာကလည်း အရေးယူမယ်။ ကော်မရှင်ကလည်း အာဏာပိုင်က အကြောင်းကြားတော့မှ ပါတီတွေကို ပြန်သုံးသပ်တာ၊ ပါတီအဖြစ်က ပယ်ဖျက်တာတို့
အရေးယူနိုင်မယ်” ဟု ဦးသောင်းလှိုင်က ပြောသည်။
နိုင်ငံရေးပါတီအများစုသည် ပါတီစည်းရုံးရေးသာမက ရွေးကောက်ပွဲများအတွက် ခေါင်းစဉ်မျိုးစုံဖြင့် မဲဆွယ် စည်းရုံးခြင်းများ ရှိနေသည်ဟု ဖက်ဒရယ်ပြည်ထောင်စု ပါတီဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဆိုသည်။
“အင်အားကြီးပါတီကြီးတွေ မဲဆွယ်စည်းရုံးတာတွေ ကြားနေရတာရှိတယ်။ ဒါက ဥပဒေအရဆိုရင်တော့ မညီညွတ်ဘူး။ ဥပဒေကို လက်တစ်လုံးခြားလုပ်တာ။ တချို့ ကိစ္စတွေဆိုရင် ကော်မရှင်က ဥပဒေအရ မဆောင်ရွက်တာတွေ လျစ်လျူရှုထားတယ်” ဟု ပြောသည်။
ပါတီစည်းရုံးရေးလုပ်ငန်းများကို ယခင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁/၂၀၁၀ ညွှန်ကြား လွှာဖြင့် တိုက်ရိုက်ခွင့်ပြုခဲ့သော်လည်း ငြိမ်းစုစီဥပဒေထွက်ရှိပြီးနောက်တွင် ၁/၂၀၁၀ ကိုဖျက်သိမ်းကာ ယင်းဥပဒေနှင့်သာ သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ခွင့်ပြု ထားသည်ဟု ကော်မရှင်ထံမှ သိရသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုဟောပြောပွဲများ ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အလုပ်အမှု ဆောင် ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က “ကျွန်မတို့ ဒီလိုမလုပ်ခင် ခေါင်းဆောင် ချင်း တွေ့ဖို့ ညှိနှိုင်းတယ်။ အခုကမဲဆွယ်တာ လည်းမဟုတ်၊ လုပ်သင့်တာကိုပဲလုပ်တာပါ” ဟု ပြောသည်
အင်အားကြီးပါတီများသည် တိုင်းနှင့်ပြည်နယ်အချို့တွင် မဲဆွယ်စည်းရုံးသကဲ့သို့ တစ်အိမ်တက်ဆင်း လူထု တွေ့ဆုံမှုများ၊ ဟောပြောမှုများ ပြုလုပ်နေသည်ဟု ပါတီ ငယ်အချို့က ဝေဖန်မှုများရှိနေသည်။

Mizzima

No comments:

Post a Comment