Tuesday, May 27, 2014

တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တရားဥပဒေလိုက်နာရန် သတိပေးစာ ပေးပို့ခံရ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများနှင့် ပတ်သက်၍ စိန်ခေါ်ဟော ပြောခြင်းသည် ဘောင်ကျော်ရာ ရောက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်း စုကြည်ကို လိပ်မူ၍ မေလ ၂၂ရက်က သတိပေးစာ ပေးပို့ခဲ့သည်ဟု သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး မြို့၊ အောင်ပင် လယ်ကွင်းတွင် ဟောပြောခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၊ ပုဒ်မ(၄၃၆) ပြင်ဆင်ရေး ဟောပြော ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဖွဲ့စည်းပုံပြင်ကာ အမှန်တရားကိုရင်ဆိုင်ဖို့ စိန်ခေါ်ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်နှင့်အညီ လွှတ်တော်ဥက္ကဌ၏ ရှေ့မှောက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃(က) အရ ပုံစံ(က) ဖြင့် ကိုယ်တိုင်ရေးထိုး လျှောက်ထား သည့် လျှောက်လွှာတွင် ဥပဒေ ပုဒ်မ(၆) ပါ ပြဌာန်းချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံ ဇယား ၄ ပါအတိုင်း ကတိသစ္စာပြုထားသူလည်းဖြစ်ပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ထိန်းသိမ်း စောင့်ရှောက်ပြီး ဥပဒေများကိုလည်း လိုက်နာပါမည်ဟု ကတိပြုခဲ့သူဖြစ်ပါသည်။ NLD ပါတီ ဖျက်သိမ်းနိုင်သည် အထိ အရေးယူနိုင်သည့်အတွက် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ အနေဖြင့် ဥပဒေကို စံပြ လိုက်နာရန် လိုအပ်ကြောင်း သတိပေးလိုက်ခြင်းဖြစ်ပါတယ်။
တရားဥပဒေကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်တိုင်က ဥပဒေကို ကျူးလွန်ဖောက်ဖျက် နေလျှင် မြန်မာပြည်သူများကို သမိုင်းတွင်မည့် အမှားလုပ်ရပ်များ ပေးနေသူ တိုင်းပြည်ကို လမ်းမှားရောက် အောင် တွန်းပို့နေသူသာဖြစ်နေလိမ့်မည်။ ပါးစပ်ကသာ တရားဥပဒေ ဘောင်အတွင်း လုပ်ဆောင်မည်ဟု တဖွဖွ ပြောနေသော်လည်းပဲ မိမိကိုယ်တိုင် တရားဥပဒေကို လေးစားလိုက်နာခြင်းမရှိပါ။ မိမိကိုယ်တိုင်က တရား ဥပဒေကို လေးစားလိုက်နာသည့် နမူနာကောင်းများ ပြသမှသာ ပြည်သူများက အတုယူမှာဖြစ်ပါတယ်။ မိမိ ကိုယ်တိုင်က ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေလျှင် မြန်မာပြည် သူများကို သမိုင်းတွင်မည့် အမှားလုပ် ရပ်များ ပေးနေသူဟု ယူဆနိုင်ကြောင်း၊ အများက ဗိုလ်ချုပ်အောင်ဆန်း သမီးဟူ၍ အားနာသမှုဖြင့် ခွင့်လွှတ် ထားခဲ့ခြင်း သာဖြစ်ပါလိမ့်မည်။
NLD ပါတီအတွင်းမှ ဥပဒေဆိုင်ရာ တာဝန်ရှိသူများအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို သတိပေး သင့်ပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းအရလည်း ဥပဒေချိုးဖောက်သောပါတီများကို ပိတ်သိမ်းနိုင်သည် အထိ အရေးယူနိုင်ကြောင်းကိုလည်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ လူထုတွေ နားလည်အောင် နယ်တကာလှည့်ပြီး ဟောပြောပွဲတွေ လုပ်တယ်ဆိုတာကလည်း ကောင်းတဲ့ ရည်ရွယ်ချက်ပါ။ ဒါပေမယ့်လည်း မိမိပါတီ အနိုင်ရဖို့ကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား တွေကို ပုတ်ခတ်ပြောဆို စိန်ခေါ်မှုတွေ လုပ်တယ်ဆိုတာကတော့ အင်မတန်မှ ရိုင်းစိုင်းလွန်းပါတယ်။ ပါတီအနိုင် ရဖို့ မဲဆွယ်စည်းရုံးတာကို လက်ခံ နိုင်ပေမယ့်လည်း တပ်မတော်ကို စိန်ခေါ်သည့် အသုံးအနှုန်းများ သုံးနှုန်းပြော ဆိုခြင်းသည် အခြေခံ ဥပဒေမှ ခွင့်ပြုထားသည့်ဘောင်ကိုကျော်လွန် လွန်းလှသဖြင့် ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက် ပွဲကော်မရှင်မှ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀ (ဌ) အရ ကြီးကြပ်ထိန်းသိမ်းရန် တာဝန် ရှိကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

အောင်အောင်

No comments:

Post a Comment