Sunday, May 25, 2014

အမြန်လမ်းမကြီးတွင် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်မှ သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်၌ သေ ဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး ဆေးကုသခံယူနေသူနှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိတော့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ မေ ၂၄ ရက် ညနေပိုင်းတွင် စုံစမ်းသိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည် ၁၄ ဦးမှာ အခင်းဖြစ်ပြီး အချိန် အတွင်း သေဆုံးခဲ့ကာ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအနက် ဦးတင်စိုး(၃ဝ)နှစ် အုတ်ဖိုမြို့ နယ်နေသူနှင့် ဦးသန်းမြင့်ဦး(၆၂)နှစ် ရန်ကုန်မြို့နေသူနှစ်ဦး တို့မှာ မေ ၂၂ ရက်တွင် သေဆုံး ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ 

“အခုနေပြည်တော်က ခုတင် ၁ဝဝဝ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ နှစ်ဦးက ကျန်းမာရေးအခြေ အနေ ကောင်းမွန်ပါတယ်။ ထပ်မံသေဆုံးသွားတဲ့ နှစ်ယောက်အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း အတိုင်း အာမခံကြေးပေးဖို့ စီစဉ် ဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် စံချိန်တင်လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ရာဇာမင်း ခရီးသည် တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးစုံခုံအဖွဲ့အား ဖွဲ့စည်းကာ စတင် စစ်ဆေးနေပြီဖြစ်ကြောင်း အဆိုပါ ခုံရုံးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေဝင်းက ပြောကြားသည်။ 

မေ ၁၂ရက် ည ၇ နာရီခန့်က ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျ ခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည် ၁၆ ဦး သေဆုံးခဲ့ပြီး ၃ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ် အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ် ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

အဆိုပါအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ယင်းကဲ့သို့ဖြစ်ပွား ရခြင်း အကြောင်းရင်း များတွင် လမ်းအပိုင်းများ၏ အားနည်းချက်ကြောင့်ဟု ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီး ဦးစိုးတင့်က မေ ၁၅ ရက်တွင် ဝန်ခံပြောကြားထားသည်။

ထို့အတူ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မေ ၁၉ ရက်တွင် အမြန်လမ်းမကြီးအား သွားရောက် စစ်ဆေးကြည့် ရှုခဲ့ပြီး လိုအပ်နေသည့် လမ်းပိုင်းများကို အမြန်ဆုံးပြင်ဆင်ရန် ညွှန်ကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment