Wednesday, May 28, 2014

မြေနေရာနှင့် အခွန်လွတ်မော်တော်ယာဉ် တင်သွင်းခွင့်ရရေး ပါတီအများစု ထောက်ခံ

အစိုးရပိုင်မြေနေရာများတွင် ပါတီရုံးချုပ်များဖွင့်ခွင့်ပြုရန်နှင့် ပါတီတစ်ခုလျှင် အခွန်လွတ် မော်တော်ယာဉ် ငါးစီး တင်သွင်းခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သမ္မတရုံးထံ တင်ပြထားချက်သည် လက်သင့်ခံနိုင်သည်ဟု ပါတီအများစုက မဇ္ဈိမကို မေ ၂၇ ရက်တွင် ပြောသည်။

“လိုအပ်ချက်တစ်ခု ဖြစ်တဲ့အတွက် ပါတီတိုင်းက လိုအပ်ပါတယ်။ အခုလိုမျိုး စီစဉ်တာ ကောင်းပါ တယ်။ပါတီကြီးတွေလည်း ပိုပြီးတော့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့ရတာပေါ့” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူအချို့ကမူ ယင်းကိစ္စ အပေါ်သီးခြားမှတ်ချက်ပြုရန်မရှိ
ဟု ဆိုကြသည်။ အဆိုပါကိစ္စကို မေ ၂၂ ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက သမ္မတရုံးသို့ တင်ပြထားခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတရုံး အကြီးတန်း တာဝန်ရှိသူတစ်ဦးကလည်း ယင်းအရေး စဉ်းစားနေသည်ဟု မဇ္ဈိမကို ပြောသည်။

“ပါတီငယ်တွေ၊ တိုင်းရင်းသားပါတီတွေ အနေနဲ့ ရန်ကုန်မှာ ရုံးခန်းဖွင့်ခွင့်ပြုမယ်ဆိုရင် မြေနေရာကတော့ လိုအပ်တာပေါ့၊ ပါတီစည်းရုံးရေးအတွက် ကားတွေစီစဉ်ပေးမယ်ဆိုရင်တော့ ပါတီငယ်တွေအတွက် ၀မ်း သာစရာပါ” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယဥက္ကဋ္ဌ-၂ ဦးစောသန်းမြင့်က ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၌ တရားဝင်မှတ်ပုံတင်ထားသည့် ပါတီ ၆၅ ခုရှိပြီဖြစ် သည်။ ၎င်းတို့ ရုံးချုပ်တည်ရှိရာဒေသ သို့မဟုတ် ရန်ကုန် မြို့ သင့်လျော်သည့်နေရာတို့တွင် ရုံးချုပ်ဖွင့် နိုင် ရန်ရည်ရွယ်သည်ဟု ကော်မရှင်က သမ္မတထံ တင်ပြထားသည်။ ထို့ပြင် ပါတီစည်းရုံးရေးနှင့် မဲဆွယ်စည်း ရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မော်တော်ယာဉ်များတင်သွင်းခွင့်ပြုရန်လည်း သီးခြားစာ တစ်စောင်ဖြင့် ပေးပို့ခဲ့သည်။

“ပါတီတွေကလည်း ပေးထားတာကို ရန်ပုံငွေလိုတယ်ဆိုပြီး ပြန်ရောင်းတာမဖြစ် သင့်ဘူး။ပါတီစည်းရုံးရေး အတွက် အထောက်အပံ့ဖြစ်အောင်လို့ ဖြည့်ဆည်းပေး တာကို ရောင်းပြီးရန်ပုံငွေရှာမယ်ဆို တာ ရည်ရွယ် ချက် အထမမြောက်ဘူး” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးထွန်းရီက ပြော သည်။

ယင်းကိစ္စကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့ကလည်း လက်ခံသည်ဟုဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment