Thursday, May 29, 2014

မြန်မာပြည်ဟာ အမေရိကန်ရဲ့ မိတ်ဆွေသစ် ဖြစ်လာနိုင်တယ်လို့ အိုဘားမားပြောကြား

အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက မြန်မာပြည်ရဲ့ လက်ရှိဒီမို ကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေသစ်ဖြစ်လာပါလိမ့်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

နယူးယောက်ပြည်နယ်ရှိ West Point ခေါ် အမေရိကန် စစ်တက္ကသိုလ် မှာ မနေ့ကကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက လွန်ခဲ့ တဲ့နှစ်အနည်းငယ်က အင်မတန်ဆိုးဝါးတဲ့ အာဏာရှင်စံနစ်ကျင့်သုံးပြီး အမေရိကန်ပြည်ထောင်စုကို ရန်သူလိုဆက်ဆံခဲ့တဲ့ မြန်မာပြည်ဟာ အခုပြောင်းလဲနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ မဆုတ်မနစ် သတ္တိစွမ်းပကားတွေနဲ့ မိမိတို့ရဲ့ သံတမန်ရေး အစပျိုးဆက်ဆံမှုတွေကြောင့် အရင်က နိုင်ငံတကာကို တံခါးပိတ်ကျောခိုင်းနေခဲ့တဲ့နိုင်ငံတခုမှာ အခုတော့ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုတွေ မြင်တွေ့လာနေရပါပြီ။ မြန်မာအစိုးရဟာ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးလျှော့ချဖြတ်တောက်ပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ကူးလူးဆက်သွယ်လာခဲ့ပါပြီလို့ သမ္မတ ကပြောပါတယ်။

တဆက်တည်းမှာပဲ အဲဒီလိုပြောင်းလဲမှုတွေကြောင့် လက်ရှိ မြန်မာပြည် အတွက် သေရေးရှင်ရေးတမျှ အရေးပါတဲ့ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးနဲ့ ဒီမိုကရေစီပြုပြင်ရေးလုပ်ငန်းစဉ်တွေအောင်မြင်ရေး အတွက် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြုပ်နှံမှုတွေ ကူညီထောက်ပံ့  မှုတွေနဲ့ ပံ့ပိုးနေပြီဖြစ်သလို အခါအားလျော်စွာ တိုက်တွန်းဆွေးနွေး အကြံပေးမှုတွေကိုလည်း ပြုလုပ်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သမ္မတအိုဘားမားက မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး ပြောင်းလဲ တိုးတက်မှုတွေဟာ ဆန့်ကျင်ဖက်လမ်းကြောင်းကို ပြန်လှည့်သွားနိုင် ပါတယ်။

ဒါပေမယ့် လက်ရှိ အပြောင်းအလဲတွေသာ အောင်မြင်သွားခဲ့ မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ မိမိတို့ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲပူးပေါင်းမယ့် မဟာမိတ်နိုင်ငံတခုဖြစ်လာပါလိမ့်မယ်လို့ ပြောကြား သွားပါတယ်။

မေလ ၂ဂ ရက် မနေ့က ကျင်းပတဲ့ အဲဒီ West Point ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက စစ်တပ်အင်အားကို တကယ်လိုအပ်မှသာ အသုံးပြုရမှာဖြစ်ကြောင်း၊ မိမိတို့လက်ထဲမှာ တူတချောင်းရှိတယ်ဆိုပြီး အရာရာကို ထုနှက်ရမှာ မဟုတ်ကြောင်း၊ ကမ္ဘာပေါ်မှာ အစိုးရအဖွဲ့ဝင်တွှေနဲ့ အစိုးရအလိုတော်ရိ စီးပွားရေးသမားတွေရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ကင်ဆာရောဂါလို ပျံ့နှံ့နေကြောင်းများအပြင် အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေ နိုင်ငံရပ်ခြားကူညီထောက်ပံ့မှုတွေနဲ့ တပ်မတော်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံ မှုတွေကြောင့် ကမ္ဘာတဝှမ်းရွေးချယ်တင်မြောက်ခံ အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်ခွင့်ရတဲ့ လူသားအရေအတွက် ဟာ ကမ္ဘာ့သမိုင်းဖြစ်စဉ်မှာ ဘယ်တုန်းကမှ မရှိဖူးအောင် များပြားနေ ပြီဖြစ်ကြောင်း စသဖြင့်လည်း ပြောကြားသွားပါတယ်။

RFA

No comments:

Post a Comment