Thursday, May 29, 2014

အငြင်းပွားဖွယ်များကြောင့် လယ်/ဆည် ဝန်ကြီးဌာန၏ ပြည်ပချေးငွေ ကန်ဒေါ်လာ ၁၃၆ သန်း လွှတ်တော် အတည်မပြု

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံ ငွေအဖွဲ့ (IFAD) တို့ထံမှ စိုက်ပျိုးရေး စီမံကိန်းများတွင် အသုံးပြုရန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၆ သန်း ချေးယူရန် အဆိုပြုမှုကို ပြည်ထောင်စု လွှတ်တော်က အတည်မပြုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နေပြည်တော်၌ မေလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လယ်/ဆည် ဝန်ကြီးဌာန၏ အဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ်များက မူအားဖြင့်
သဘောတူသော်လည်း စီမံကိန်း လုပ်ငန်းများ မရှင်းလင်းမှု၊ ဆောင်ရွက်ရန် နေရာ သတ်မှတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်များ ရှိသည့်အတွက် လွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပြုချက်ကို အတည်ပြုခြင်း မရှိဘဲ ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြော ကြားသည်။

ပဲခူး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် နယ်မြေတို့၌ ရေသွင်း စိုက်ပျိုးမှုစနစ် ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နှင့် နေပြည်တော်ကို ဗဟိုပြုဆောင်ရွက်မည့် ဆည်ရေသောက်စနစ် လယ်ယာမြေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် IFAD ထံမှ အမေရိကန်ဒေါ်လာ ၃၆ သန်း ချေးယူရန်ကို သက်ဆိုင်ရာ အဖွဲ့များက သဘော တူပြီး ဖြစ်သည့် အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အဆိုပြုထားခြင်း ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ နယ်မြေကို ဗဟိုပြု ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့ပြီး အမှန်တကယ် ဆင်းရဲနွမ်းပါးမှု မြင့်မားလွန်းသော ဒေသများတွင်လည်း ဆောင်ရွက်စေလိုကြောင်း ဆန္ဒပြုခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကလည်း စီမံကိန်းများကို နေပြည်တော်၌ အများစု ဗဟိုပြု၍ ဆောင်ရွက်နေသည်မှာ မျှတမှု မရှိကြောင်း၊ နေပြည်တော်နယ်မြေ ဖွံ့ဖြိုးသည်နှင့် ပြည်ထောင်စု တစ်ခုလုံး ဖွံ့ဖြိုးသည်ဟု မဆိုနိုင်ကြောင်း မှတ်ချက်ပြုသည်။
“ဘာစီမံကိန်းတွေပဲ လုပ်လုပ် နေပြည်တော်ကိုပဲ အမြဲဗဟိုပြု ဆောင်ရွက်နေတာတွေ ပြန်စဉ်းစားဖို့ ကျွန်တော် အကြိမ်ကြိမ် တင်ပြပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် လယ်/ဆည် ဝန်ကြီးဌာနက အဆိုပြုသော စီမံကိန်းများမှာ နိုင်ငံတော်က ချမှတ် ထားသည့် နှစ်တို/နှစ်ရှည် ဖွံ့ဖြိုးမှု စီမံကိန်း တစ်ခုတွင်မျှ အကျုံးဝင်ခြင်း မရှိသည့်အတွက် နားမလည်နိုင် ဖြစ်ရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ထောက်ပြသည်။

ဧပြီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသော အဆိုပါ ချေးငွေကိစ္စရပ်နှင့် ပတ်သက်၍ ထပ်မံ ဆွေးနွေးရန် လိုအပ်သည့်အတွက် အတည်မပြုနိုင်ကြောင်း၊ သင့်လျော်သည့် အချိန်တွင် ထပ်မံဆွေးနွေးရန် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

သို့သော် အထက်ပါ ရက်စွဲနှင့်ပင် သမ္မတရုံးက ပေးပို့လာသော ပညာရေး ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ အတိုးမဲ့ ချေးယူရန် အဆိုပြုချက်ကိုမူ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ စုစုပေါင်းမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းများအရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၁ ဘီလီယံကျော် ရှိကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment