Friday, May 30, 2014

ဟူးကောင်းဒေသ သိမ်းဆည်းခံ လယ်ယာမြေများအတွက် လျော်ကြေးမရဟုဆို

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဟူးကောင်းဒေသရှိ ကျေးရွာများမှ လယ်ယာမြေများကို ၂၀၀၆ ခုနှစ် ဝန်းကျင်တွင် ယုဇနကုမ္ပဏီက သိမ်းယူထားရာတွင် ယနေ့ထက်တိုင် လျော်ကြေးငွေနှင့် အစားထိုး လယ်ယာမြေများ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း ဟူးကောင်းဒေသခံ တောင်သူများက ပြောကြားသည်။

ပီလောပီနံ စိုက်ခင်းများ တည်ထောင်ရန် ယုဇနကုမ္ပဏီက လယ်ယာမြေ ဧက ၂၀၀၀ ကျော်ကို သိမ်းယူခဲ့သည့်အတွက် ဒေသခံတောင်သူများက ၂၀၀၈ ခုနှစ်က တရားစွဲဆိုခဲ့ရာ လယ်တစ်ဧကလျှင် ကျပ် ၈၀၀၀၀ ပေးရန် အမိန့်ချမှတ်ခဲ့သည်ကို မကျေနပ်၍ ကချင်ပြည်နယ် တရားရုံးသို့ ထပ်မံ တင်ပြရာတွင်လည်း ပလပ်ခံခဲ့ရကြောင်း ဘန်ကောက်ကျေးရွာမှ တောင်သူ ဒေါ်ခေါ်နော်က ပြောဆိုသည်။

ဖားကန့်မြို့နယ် ဝရာဇွပ် ကျေးရွာအုပ်စု အတွင်းရှိ ဝရာဇွပ်ကျေးရွာ၊ စံပြကျေးရွာ၊ နာဂျာပါကျေးရွာ၊ အောင်ရာကျေးရွာ၊ ဘန်ကောက်ကျေးရွာနှင့် ရှာဒူဇွပ်ကျေးရွာ ခြောက်ရွာရှိ လယ်မြေနှင့် ဥယျာဉ်ခြံမြေများကို ယုဇနကုမ္ပဏီက ၂၀၀၆-၂၀၀၇ ခုနှစ်က စ၍ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က နစ်နာကြေးနှင့်အတူ အစားထိုး လယ်ယာမြေများ ပြန်လည်ပေးအပ်မည်ဟု သဘောတူ ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့တွင် ယနေ့အချိန်ထိ လျော်ကြေးငွေနှင့် မြေယာများ ပြန်လည် ပေးအပ်ခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောကြားသည်။

စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် အစိုးရနှင့် ကုမ္ပဏီများက လယ်ယာမြေများကို ဒေသခံများထံမှ သိမ်းဆည်းရာတွင် ဥပဒေအရ လယ်ယာမြေနှင့် သီးနှံလျော်ကြေးကို သုံးနှစ်စာ ပေးလျော်ရမည် ဖြစ်ကြောင်း မိုးကောင်းမြို့မှ အထက်တန်းရှေ့နေ ဦးလွန်းဂျာက သုံးသပ် ပြောဆိုသည်။


The Voice Weekly

No comments:

Post a Comment