Saturday, May 24, 2014

ရန်ကုန်မြို့တော်၏ ရေကြီးရေလျှံမှုကို ဖြေရှင်းရန် နည်းပညာအကူအညီ လိုအပ်ဟုဆို

မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရန်ကုန်မြို့တော်၌ ကြုံတွေ့နေရမြဲဖြစ်သော ရေကြီးရေလျှံမှု ပြဿနာကို ဖြေ ရှင်းနိုင်ရန် နည်းပညာ အကူအညီ လိုအပ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖွံဖြိုးပြီး နိုင်ငံများတွင် မိုးရာသီ၌ ရေကြီးရေလျှံမှု မဖြစ်စေရန် မြေအောက် ရေလှောင်ကန်များ ပြုလုပ် ကာ ရေစုပ်စက်များဖြင့် သက်မှတ်ထားသော နေရာများကို စုပ်ထုတ်ကာ ကာကွယ်လျက် ရှိကြောင်း၊ ရန်ကုန်မြို့ရှိ မြေအောက်တွင် တူးဖော်၍ကန်များ ပြုလုပ်မည်ဆိုပါက လက်ရှိ အသုံးပြုနေသည့် လမ်းများကို ဖျက်ကာ ပြုလုပ်ရမည် ဖြစ်သည့်အတွက် ကုန်ကျစရိတ် များပြားနိုင်ကြောင်း၊ ယင်း အတွက်ကြော င့် ရေကြီးရေလျှံမှု မဖြစ်စေရန် အခြားသော နည်းပညာတစ်ခု လိုအပ်လျက် ရှိကြောင်း ၎င်းက ထပ်မံရှင်းပြ သည်။

“ဒီရေတက်တဲ့အချိန်နဲ့ မိုးတအားရွာပြီး ရေပါတဲ့ အချိန်မျိုးဆိုရင် ရေကလျှံမှာပဲ။ အရင်တုန်းက လမ်းဘေး မှာ ရေစိမ့်နိုင်တဲ့ မြေရှိတယ်။ ခုတော့ အဆောက်အဦတွေ ဆောက်ကြတော့ ကွန်ကရစ်တွေ ဖြစ် လာကြတယ်။ ရေရှည်စီမံကိန်းအတွက် မိုးရေချိန်တိုင်းတာ၊ ရေဘယ်လောက် တတ်နေလဲ ဆိုတာမျိုးတွေကို survey ဆင်းနေပါတယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် ရေကြီးရေလျှံမှု မဖြစ်ပွားစေရန် မြေအောက်လှိုဏ်ခေါင်းတူး၍ ကာကွယ်ထားပြီး ၎င်း နည်းလမ်းမှာ ဘတ်ဂျက် အများအပြား ကုန်ကျနိုင်ကြောင်း ရန်ကုန်မြို့တော်တွင် မြေမျက်နှာပြင် နိမ့် သည့် နေရာများကို ရှာဖွေကာ ရေလမ်းကြောင်း လွှဲပေးပါက ရေကြီးရေလျှံမှုကို ဖြေရှင်းနိုင်ကြောင်း မြို့ပြ အင်ဂျင်နီယာ ဦးသန်းဝင်းက ပြောကြားဆိုသည်။

“ရန်ကုန်မှာက ရေထုတ်နိုင်တဲ့ လမ်းကြောင်းက နေရာတိုင်းမှာ ရှိနေတယ်။ မြေမျက်နာပြင် အနိမ့်အမြင့်ကို အသေးစိတ်သိရင် ရေလမ်းကြောင်း လွှဲနိုင်တယ်။ ဒီရေတက်ရင်တော့ ရေလှောင်ကန် ရှိပေမယ့် လည်း ရေကြီးနိုင် တယ်။ ချောင်း၊ မြစ်တွေများလာတော့ ရေမျက်နှာပြင် မြင့်တက်လာပြီး ရေပိုကြီးနိုင်တယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ရန်ကုန်မြို့တော် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရေမြောင်း ရှင်း လင်းမှုနှင့် ပတ်သက်ပြီး သိန်းတစ်သောင်း အသုံးပြုရန် လျာထားလျက်ကြောင်း၊ ဒဂုံမြစ်၊ လှိုင်မြစ် တို့ကို ရေများစွန့်ထုတ်သော မြစ်ထွက်ပေါက်များကို ချဲ့ထွင်ရှင်းလင်းခြင်း၊ နုန်းကျသော ချောင်းများကို စက် ယန္တရားများဖြင့် ဆောင်ရွက်ခြင်း၊ ရေတံခါးပြုပြင်ရေး လုပ်ငန်းများ၊ မြောင်းရှင်းလင်းရေး လုပ်ငန်း များကို ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

ရန်ကုန်မြို့လယ်ခေါင်တွင် နာရီဝက်ခန့် မိုးသည်းထန်စွာ ရွာသွန်းပါက ရေမြောင်းများ ပိတ်ဆို့ကာ လမ်းပေါ်တွင် ရေလျှံမှုများကို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ ပန်းဘဲတန်းမြို့နယ် ၃၁ လမ်းရှိ တံဆိပ်တုံး ပြုလုပ်သည့် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

“မိုးရွာရင် မြောင်းရေက လျှံတယ်။ ရေလျှံတဲ့ လမ်းဖြစ်သွားတော့ အရောင်းအဝယ်ပါ ပါးသွား တယ်။ နှစ်တိုင်း ဖြစ်နေပေမယ့် ရေမတင်ဖို့တော့ မျှော်လင့်တယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။

ရန်ကုန်မြို့တော်၏ ရေကြီးရေလျှံမှု ပြဿနာကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များဖြင့် ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရေစီးရေလာ ကောင်းမွန်ရန် ထိန်း သိမ်းရေး ကော်မတီကို ဆောက် လုပ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ ဦးဆောင်၍ ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ စတင်၍ ဖွဲ့စည်းခဲ့ကြောင်း၊ ရေကြီးရေလျှံ မဖြစ်စေရန် ၁၅ ဦးပါဝင်သော ထိန်းသိမ်းရေး ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

ရန်ကုန်မြို့တော်ကြီးကို ရေကြီးရေလျှံမှု ကင်းဝေးစေရေး အကောင်အထည် ဖော်ရာတွင် စုစုပေါင်း ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၁၂၁၃၁ သန်း ကုန်ကျမည်ဖြစ်ရာ ပထမအဆင့် အနေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် နိုင်ငံတော်မှ ကျပ်သန်းပေါင်း ၅၅၀၀ သန်း ခွင့်ပြုပေးခဲ့ကြောင်း ဧပြီလ ဒုတိယပတ် တွင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment